CNI International News

အစ္စလာမ်မာဘက်၊ မေလ ၂၆

ယူအေအီးနိုင်ငံသည် ပါကစ္စတန် ရှီးယိုက်မွတ်ဆလင် ၁၀၀ ကျော်ကို ပါကစ္စတန်သို့ ပြန်ပို့ခဲ့ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။

ထို့ကြောင့် ပါကစ္စတန်၏ ချက်ဝေါလ် (Chakwal) ခရိုင်ရှိ ကျေးရွာတစ်ခုတွင် ရှီးအိုက်မွတ်ဆလင် ၁၀၀ ကျော်သည် ယူအေအီးနိုင်ငံတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး စုဆောင်းခဲ့ရသည့် ငွေကြေးများကို ထုတ်ယူခွင့်မရဘဲ နေရပ် သို့ ပြန်လည် ရောက်ရှိလာကြသည်။

နေရပ်သို့ ပြန်လည် ရောက်ရှိလာသည့် ပါကစ္စတန် ရှီးယိုက်မွတ်ဆလင်များသည် အီရန်စစ်ပွဲအတွင်း ယူအေအီးမှ ပါကစ္စတန်သို့ ပြည်နှင်ဒဏ် ပေးခံခဲ့ရသည့် ထောင်နှင့်ချီသော ရှီးယိုက် ဘာသာဝင်များထဲတွင် ပါဝင်နေသဖြင့် ပါကစ္စတန်ရှိ ရှီးယိုက်မွတ်ဆလင် အသိုင်းအဝိုင်းအတွင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့သည်။

 ရိုက်တာ သတင်းဌာနသည် ပြည်နှင်ဒဏ် ပေးခံရသည့် ရှီအိုက် ဘာသာဝင်များဖြစ်ကြောင်း ထွက်ဆိုထားသည့် ပါကစ္စတန်နိုင်ငံသား ၁၀၃ ဦး၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စာရွက်စာတမ်းများ၊ ဗီဇာအခြေအနေ၊ ဓာတ်ပုံ များနှင့် လေကြောင်းခရီးစဉ် အသေးစိတ် အချက်အလက်များကို စစ်ဆေးခဲ့ပြီး၊ ၎င်းတို့ထဲမှ ၂၄ ဦးကို လူတွေ့ မေးမြန်းခဲ့သည်။

ပါကစ္စတန် ရှီးယိုက်မွတ်ဆလင်ကို တွေ့ရစဉ်

လူတွေ့မေးမြန်းခြင်း ခံရသူတိုင်းက ၎င်းတို့သည် ပြည်နှင်ဒဏ် ပေးခံရသည့် အခြား ရှီးယိုက် မွတ်ဆလင်များနှင့် အတူ လေယာဉ်ပေါ်သို့ ပို့ဆောင်မခံရမီ ၎င်းတို့၏ ခရီးဆောင်အိတ်များနှင့် စုဆောင်းငွေများကို ပြန်လည်ထုတ်ယူ နိုင်ခြင်း မရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် ရှီးယိုက် နိုင်ငံရေး အဖွဲ့အစည်းဖြစ်သော Majlis Wahdat-e-Muslimeen က ပြုစုထားသည့် အချက် အလက်များအရ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ စတင်ခဲ့ ပြီးနောက်ပိုင်း၊ ယူအေအီးမှ ပြည်နှင်ဒဏ် ပေးခံခဲ့ရသည့် ပါကစ္စတန် ရှီးယိုက်မွတ်ဆလင်  ၇၅၀၀ ဦးရှိကြောင်း စာရင်းပြုစုထားသည်။

ပင်လယ်ကွေ့ဒေသ တစ်ခုလုံးတွင် တင်းမာမှုများကို မြင့်တက်စေခဲ့ပြီး အီရန်က ယူအေအီးကို ဒုံးကျည်များ၊ ဒရုန်း များဖြင့် တိုက်ခိုက်ခဲ့သည့် စစ်ပွဲအတွင်း ပြည်နှင်ဒဏ်ပေးမှုများ ပိုမိုများပြားလာခဲ့ကြောင်း ပါကစ္စတန်ရှိ ရှီးယိုက် အသိုင်းအဝိုင်း ခေါင်းဆောင်များက ပြောကြားခဲ့သည်။

ယူအေအီး အာဏာပိုင်များ အနေဖြင့် ပါကစ္စတန်နိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးရန် မည်သည့် စံနှုန်းများကို အသုံးပြုခဲ့သည်ဆိုသည်ကို ရိုက်တာသတင်းဌာန အနေဖြင့် အတည်မပြုနိုင်ပေ။

ယခုကဲ့သို့ ပြည်နှင်ဒဏ် ပေးမှုများနှင့် ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မေးမြန်းထားသည့် မေးခွန်းများကို ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနက ဖြေကြားရန် ငြင်းဆိုခဲ့သည်။

Source: ရိုက်တာ