CNI International News
ဝါရှင်တန်၊ မေလ ၂၇
အီရန်နှင့် သဘောတူညီချက် ရရှိရန် ဆွေးနွေးမှုများသည် ရက်အနည်းငယ် ကြာမြင့်နိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရူဘီယို (Marco Rubio) က မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့ သည်။
အမေရိကန်တပ်ဖွဲ့များက အီရန်တောင်ပိုင်းကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရူဘီယို၏ ပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
အမေရိကန်တပ်ဖွဲ့များသည် ရေမြှုပ်မိုင်းများထောင်ရန် ကြိုးပမ်းနေသည့် အီရန် သင်္ဘောများနှင့် ဒုံးကျည် ပစ်လွှတ်သည့် နေရာများ အပါအဝင် ပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဟော်မုဇ်ရေလက်ကြားကို မည်သည့် နည်းနှင့်မဆို ဖွင့်လှစ်ထားရမည်ဟု ရူဘီယိုက ပြောကြားခဲ့သည်။
ဧပြီလ ၈ ရက်ကတည်းက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရှိထားသော်လည်း အီရန်တပ်ဖွဲ့များ၏ ခြိမ်းခြောက်မှုရန်မှ မိမိတို့ တပ်ဖွဲ့ဝင်များကို ကာကွယ်ရန် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က မေလ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုအချိန်အတောအတွင်း အီရန်သည် လေကြောင်း ကာကွယ်ရေးစနစ် အသစ်ကို အသုံးပြုပြီး ကိုယ်ပျောက်ဒရုန်း (ရေဒါထောက်လှမ်းမှုကို ရှောင်လွှဲနိုင်သည့်ဒရုန်း) တစ်စင်းအား ပစ်ချနိုင်ခဲ့ကြောင်း အီရန်သတင်း အေဂျင်စီများက မေလ ၂၅ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အီရန်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်ခံရမှု သရုပ်ဖော်ပြထားစဉ်
သို့သော်လည်း ထိုဒရုန်းသည် မည်သည့်နေရာမှ ပျံသန်းလာသည်ဆိုသည်ကိုမူ ထည့်သွင်း ပြောကြားခြင်း မရှိပေ။
အမေရိကန်နှင့် သုံးလကြာ စစ်ပွဲကို အဆုံးသတ်နိုင်မည့် သဘောတူညီချက်တစ်ခု ရရှိရေးအတွက် အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူးနှင့် အီရန်နိုင်ငံခြားရေးဝန်ကြီးတို့က ကာတာဝန်ကြီးချုပ်နှင့် ဆွေးနွေးရန် ကာတာနိုင်ငံ ဒိုဟာ(Doha) မြို့ တော်သို့ ရောက်ရှိနေချိန်တွင် အမေရိကန်၏ တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အမေရိကန် အနေဖြင့် အီရန်ကို အခြားနည်းလမ်းဖြင့် ကိုင်တွယ်ဖြေရှင်းရန် မစဉ်းစားမီ၊ သံတမန်ရေးရာ နည်းလမ်း အောင်မြင်စေရန် အခွင့်အရေး အပြည့်အဝ ပေးသွားမည်ဖြစ်ကြောင်း ရူဘီယိုက မေလ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ဟော်မုဇ် ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေး ဆွေးနွေးမှုများနှင့် နျူကလီးယား အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးပွဲ စားပွဲပေါ်တွင် အတော်အတန် ခိုင်မာသည့် အခြေအနေတစ်ခုကို ရရှိနေပြီဖြစ်ကြောင်း ရူဘီယိုက ပြောကြားခဲ့ သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump) ကလည်း အီရန်နှင့် ဆွေးနွေးမှုများသည် အဆင်ပြေ ချောမွေ့ နေကြောင်း ပြောကြားခဲ့သော်လည်း အကယ်၍ ဆွေးနွေးမှုများ ပျက်ပြားသွားပါက တိုက်ခိုက်မှု အသစ်များ ထပ်မံ ပြုလုပ်သွားမည်ဟု မေလ ၂၄ ရက်က Truth Social လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: ရိုက်တာ
