CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၂

လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများ အနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေးနည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် ထိုနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီပေးမှုများမှတဆင့် ချုပ်ကိုင်နေသည်ဟု မြန်မာတပ် တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်တွင် ကျင်းပခဲ့သော (၂၃)ကြိမ်မြောက် အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ ၎င်းက ပြောကြားလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “ လက်ရှိအချိန်တွင် အင်အားကြီးနိုင်ငံများ အနေဖြင့် နိုင်ငံတစ်နိုင်ငံအား စစ်ရေး နည်းလမ်းဖြင့် ကျူးကျော်ခြင်းထက် အဆိုပါနိုင်ငံအား လွှမ်းမိုးချုပ်ကိုင်နိုင်ရေးအတွက် ထောက်ပံ့ကူညီ ပေးမှု များမှတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေး၊ သံတမန်ရေး စသည့် အသွင်မျိုးစုံဖြင့် ချဉ်းကပ် ဆောင်ရွက်လျက်ရှိကြောင်းကို တွေ့ရှိရသည်”ဟု ပြောသည်။

အထူးသဖြင့် အင်အားကြီး နိုင်ငံအချို့သည် အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံငယ်များအား ၎င်းတို့၏ လွှမ်းမိုးမှု အောက်သို့ ရောက်ရှိစေရန် နိုင်ငံရေး၊ စီးပွားရေးအရ လွှမ်းမိုးမှုမှသည် စစ်ရေးအရ လွှမ်းမိုးနိုင်ရေးအတွက် မဟာ မိတ် အုပ်စုများ ဖွဲ့စည်းပြီး စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်လာသည်အထိ အပြိုင်ကြိုးပမ်းလုပ်ဆောင် လျက်ရှိ ကြကြောင်း မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက်ကို တွေ့ရစဉ်

ဒေသတွင်း တည်ငြိမ်‌အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ် လုံခြုံ‌ရေးတို့အတွက် အခြေခံ အုတ်မြစ်သည် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံချင်းစီ၏ လုံခြုံမှု ပတ်ဝန်းကျင်အပေါ် မူတည်လျက်ရှိသဖြင့် အနာဂတ်တွင် ဒေသတွင်း တည်ငြိမ်မှု ခိုင်မာအားကောင်း လာစေရန်နှင့် နက်နဲရှုပ်ထွေးသော စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ အဖွဲ့ ဝင် နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ အတူလက်တွဲ ကျော်လွှားတုံ့ပြန် နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ယနေ့ အစည်းအ‌ဝေး၏ ဆောင်ပုဒ်ဖြစ်သော “မိမိတို့၏ အနာဂတ် လုံခြုံစိတ်ချရစေဖို့ အတူလက်တွဲ ဆောင်ရွက် ကြပါစို့- Securing Our Future,Together”နှင့် အညီ အနာဂတ် ကာလတွင် မိမိတို့ အာဆီယံ အဖွဲ့ဝင် နိုင်ငံများရှိ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသတွင်း တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့အတွက် မိမိတို့ မြန်မာ့ တပ်မတော် အနေဖြင့် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့်အတူ လက်တွဲ၍ တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သွားမည် ဟု အခိုင်အမာ ပြောကြားလိုကြောင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောသည်။

 တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်ကို တွေ့ရစဉ်

ထို့နောက် ဆက်စပ် အစည်းအဝေးများဖြစ်သည့် (၁၆)ကြိမ်မြောက် အာဆီယံတပ်မတော် စစ်ဆင်ရေးမှူးချုပ်များ အစည်းအဝေးကို မေလ ၁၉ ရက်တွင် ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့သည်။

အလားတူ တတိယအကြိမ် အာဆီယံစစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးအသိုက်အဝန်း ခေါင်းဆောင်များ ညီလာခံ (AMICLC-3)နှင့် (၂၃) ကြိမ်မြောက် အာဆီယံတပ်မတော်ထောက်လှမ်းရေးမှူးချုပ်များ အစည်းအဝေးများကို မေလ ၁၉ ရက်နှင့် ၂၀ ရက်တို့တွင် ပြုလုပ်ရာ တပ်မတော်စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက် ဆွေးနွေးခဲ့သည်။