CNI International News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၃
ယူကရိန်းသည် ဗြိတိန်နိုင်ငံလုပ် Strom Shadow တာဝေးပစ် ဒုံးကျည်များဖြင့် ရုရှား၏ ဓာတုစက်ရုံတစ်ရုံကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်ဟု DW သတင်း ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ထိုတိုက်ခိုက်မှုသည် ရုရှား၏ လေကြောင်းကာကွယ်ရေးစနစ်ကို ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ပစ်မှတ်ကို အောင်မြင် စွာ ထိမှန်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်မှု၏ ရလဒ်များကို လေ့လာဆန်းစစ်နေကြောင်း ယူကရိန်းစစ်ဦးစီးချုပ်က ပြောကြားခဲ့သည်။
ယူကရိန်း၏ တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာတွင် ရုရှားကလည်း ယူကရိန်း၏ ဒေသအချို့ကို ဒရုန်းများ၊ ဒုံးကျည် များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ကလေး ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံးခဲ့ကြောင်း ယူကရိန်းသမ္မတ ဇယ်လန်းစကီး (Volodymyr Zelensky) က ပြောကြားခဲ့သည်။
ရုရှား၏ တိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ မြို့တော် ကိယက်ဗ် (Kyiv) နှင့် နီပရိုပက်ထရိုဗက်စ် (Dnipropetrovsk) ဒေသများတွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ခဲ့ပြီး ရုရှားသည် ယူကရိန်း၏ စွမ်းအင်စက်ရုံများကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်
ရုရှား၏ Bryansk ဓာတုစက်ရုံကို ယူကရိန်း၏ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ရုရှားအာဏာပိုင်များက မှတ်ချက် ပေးခဲ့ခြင်း မရှိသေးပေ။
ယူကရိန်းစစ်တပ်ကမူ ၎င်းတို့ ပစ်မှတ်ထားခဲ့သည့် ဓာတုစက်ရုံသည် ယူကရိန်းကို တိုက်ခိုက်နေသော ရုရှား၏ စစ်ပွဲတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည့် စက်ရုံတစ်ရုံဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုစက်ရုံတွင် ယမ်းမှုန့်များ၊ ဖောက်ခွဲရေးပစ္စည်းများ၊ ဒုံးကျည်များနှင့် လက်နက်ခဲယမ်းများ၌ အသုံးပြုသည့် ဒုံးအင်ဂျင် လောင်စာ အစိတ်အပိုင်းများကို ထုတ်လုပ်နေခြင်းဖြစ်ကြောင်း ယူကရိန်းက ပြောသည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) အနေဖြင့် ငြိမ်းချမ်းရေးအတွက် အဆင်သင့် မဖြစ်မချင်း ရုရှား၏ စီးပွားရေးနှင့် ကာကွယ်ရေးကဏ္ဍအပေါ် ဖိအားများ တိုးမြှင့်မည်ဟု ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer) နှင့် အခြားဥရောပခေါင်းဆောင်များက ကတိပြု ပြောကြားခဲ့သည့်နေ့တွင် ယူကရိန်း၏ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယူကရိန်း၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ပိုလန်၊ ဒိန်းမတ်၊ ဖင်လန်၊ ဥရောပသမဂ္ဂနှင့် နော်ဝေခေါင်းဆောင်များ ထုတ်ပြန်သည့် ပူးတွဲကြေညာချက်တွင် ယူကရိန်းအနေဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရခင်နှင့် သဘောတူညီချက် ရရှိအောင် ကြိုးပမ်းနေသော ကာလအတွင်း အင်အားတောင့်တင်သည့် အနေအထား၌ ရှိနေရမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
Source: DW
