CNI International News
ဘန်ကောက်၊ အောက်တိုဘာ ၂၃
ဖြူးထိုင်းပါတီကို ပြန်လည်ပြင်ဆင်ရန်အတွက် ပေတုန်တန် ရှင်နာဝပ် (Paetongtarn Shinawatra) သည် အောက်တိုဘာ ၂၂ ရက်တွင် ပါတီခေါင်းဆောင် ရာထူးမှ နုတ်ထွက်သွားကြောင်း The Nation မှ ဖော်ပြခဲ့သည်။
ပေတုန်တန်သည် အခြေခံဥပဒေဆိုင်ရာ တရားရုံး၏ စီရင်ချက်ဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပြီး လူထု ထောက်ခံမှုနှုန်း ကျဆင်းလာချိန်တွင် ပါတီခေါင်းဆောင်အဖြစ်မှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဖြူထိုင်းပါတီကို ပြန်လည်ပြုပြင် တည်ဆောက်ရန်အတွက် နောက်ခေါင်းဆောင်သစ်တစ်ဦး ရွေးချယ်ရန် လမ်းပွင့်သွားခဲ့သည်။
ပေတုန်တန်သည် ယခုနှစ်အတွင်း ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆန် (Hun Sen) နှင့် ဖုန်းပြော ခဲ့သည့် အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် လူထု၏ ဝေဖန်မှုများကို ခံခဲ့ရသည်။
ဖြူးထိုင်းပါတီကို တွေ့ရစဉ်
ထိုအသံဖိုင်အတွင်း ပေတုန်တန်သည် ထိုင်းစစ်တပ် အကြီးအကဲတစ်ဦးကို ၎င်း၏ ပြိုင်ဘက်အဖြစ် ပြောဆိုခဲ့သဖြင့် အခြေခံဥပဒေဆိုင်ရာတရားရုံးက ၎င်းအား ကျင့်ဝတ်သိက္ခာ ချိုးဖောက်မှုဖြင့် ဝန်ကြီးချုပ် ရာထူးမှ ဖယ်ရှားခဲ့ခြင်း ဖြစ်သည်။
“ကျမရဲ့ နုတ်ထွက်မှုကြောင့် ပါတီဟာ လိုအပ်တဲ့ အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခွင့်ရမှာဖြစ်ပြီး လာမယ့် ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ပါလိမ့်မယ်”ဟု ပေတုန်တန်က ထုတ်ပြန်ခဲ့သည်။
ထို့ပြင် သူသည် ဖြူးထိုင်းပါတီဝင် တစ်ဦးအဖြစ် ဆက်ရှိနေမည်ဖြစ်ပြီး ထိုင်းနိုင်ငံအတွက် ဆက်လက် တာဝန် ထမ်းဆောင်သွားမည်ဟုလည်း ပေတုန်တန်က ပြောကြားခဲ့သည်။
ဖြူးထိုင်းပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားရေးမှူး သူရိယ ဂျူအန်ရွန်ရူအန်ကစ် (Suriya Juangroongruangkit) ကမူ နောက်တက်လာမည့် ဖြူးထိုင်းပါတီ ခေါင်းဆောင်သည် ရှင်နာဝပ် မိသားစုဝင် ဖြစ်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ထိုပြင် ဖြူးထိုင်းပါတီ ခေါင်းဆောင်သစ် နေရာအတွက် ၎င်းအား ရွေးချယ်ဖွယ် ရှိသည်ဆိုသည့် ထင်ကြေး ပေးမှုများကိုလည်း သူရိယက ငြင်းဆိုခဲ့သည်။
Source: The Nation