CNI International News
ဆိုးလ်၊ အောက်တိုဘာ ၂၃
တောင်ကိုရီးယားနိုင်ငံတွင် ကျင်းပတော့မည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) အစည်းအဝေး မတိုင်မီ ရက်ပိုင်းအလို၌ မြောက်ကိုရီးယားနိုင်ငံက အောက်တိုဘာ ၂၂ ရက်တွင် ပဲ့ထိန်းဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားသည် ၎င်း၏ လက်နက်အင်အား ကြီးမားလာမှုကို ကမ္ဘာက သတိထားမိစေရန် ပြသသည့် အနေဖြင့် ထိုကဲ့သို့ ဒုံးကျည် ပစ်လွှတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ကျွမ်းကျင် သူများက သုံးသပ်ခဲ့သည်။
မြောက်ကိုရီးယားနှင့် ရုရှားကြား စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး မြင့်တက်နေမှုသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးကို ရှုပ်ထွေးစေနိုင်ပြီး ရန်လိုမှုများ မြင့်တက်လာနိုင်သည်ဟု စိုးရိမ်မှုများ ထွက်ပေါ်နေသည်။
Hwasong-11da-4.5 ဟု ယူဆရသည့် ဒုံးကျည်တစ်စင်းကို မြောက်ကိုရီးယား၏ မြောက် ဟွမ်ဟေး (North Hwanghae) ပြည်နယ်မှ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်လိုက်စဉ်
ထိုဒုံးကျည်သည် တာတိုပစ် နည်းဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ရေဒါကို ရှောင်လွှဲနိုင်သည့် KN-23 ဒုံးကျည်ဖြစ်ကာ မြောက်ကိုရီးယား အစ္စကန်ဒါ (North Korean Iskander) ဒုံးကျည်ဟုလည်း လူသိများသည်။
မြောက်ကိုရီးယားက ပစ်လွှတ်ခဲ့သည့် ထိုဒုံးကျည်သည် ဂျပန်ပင်လယ်အတွင်းသို့ ရည်ရွယ်ပစ်လွှတ်ခဲ့သော်လည်း ကုန်းမြေတစ်ခုပေါ်သို့ ကျရောက်သွားခဲ့သည်ဟု ဆိုသည်။
မြောက်ကိုရီးယား၏ နောက်ထပ် ဒုံးကျည်များ ပစ်လွှတ်နိုင်သည့် အလားအလာကို သတိထား စောင့်ကြည့်နေပြီး အမေရိကန်၊ ဂျပန်တို့နှင့် ထောက်လှမ်းရေး သတင်းများကို မျှဝေထားကြောင်း JSC က ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားသည် မေလ ၈ ရက်နှင့် မေလ ၂၂ ရက်တွင်လည်း အရှေ့ပင်လယ်အတွင်းသို့ တာတိုပစ် ဒုံးကျည် တစ်စင်းနှင့် ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့သည်။
ထို့ပြင် မြောက်ကိုရီးယားသည် တောင်ကိုရီးယားတွင် APEC အစည်းအဝေး မပြုလုပ်မီနှင့် အစည်းအဝေး ပြုလုပ်နေသည့် ကာလအတွင်းတွင်လည်း နောက်ထပ် ဒုံးကျည် စမ်းသပ်မှုများ ပြုလုပ်ဖွယ်ရှိနေကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့သည်။
Source: South China Morning Post