CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၂၀

အမေရိကန်တွင် ဒေါ်နယ်ထရမ့် (Donald Trump) အာဏာပြန်ရလာမှုနှင့်အတူ အမေရိကန်နှင့် အီရန်အကြား ဆက်ဆံရေးသည် သိသိသာသာ ပြောင်းလဲလာလိမ့်မည်ဖြစ်ကြောင်း Asia Times မှ ဖော်ပြခဲ့သည်။

ပထမသက်တမ်း ကာလအတွင်း ထရမ့်၏ သမားရိုးကျ မဟုတ်သည့် နိုင်ငံခြားရေးမူဝါဒသည် အီရန်နှင့် ထိပ်တိုက် တွေ့မှုမြင့်တက်ခဲ့သော အချိန်ကာလသို့ ရောက်ရှိစေခဲ့သည်။

မည်သို့ပင်ဆိုစေ ဂျိုးဘိုင်ဒန် (Joe Biden) လက်ထက် ၄ နှစ်တာ ကာလအတွင်း ဒေသတွင်း အခြေအနေ ပြောင်းလဲခဲ့ကာ ထရမ့်၏ ဒုတိယသက်တမ်း ကာလတွင် အီရန်အပေါ် ချဉ်းကပ်ဆောင်ရွက်ပုံ ပြောင်းလဲလိမ့်မည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထရမ့်အား လုပ်ကြံသတ်ဖြတ်မည့် အီရန်၏ အစီအစဉ်အစဉ်ကို ဟန့်တားနိုင်ခဲ့ကြောင်း ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်တရားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီးနောက် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်ခဲ့သည်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi) ကမူ အမေရိကန်၏ စွပ်စွဲချက်များသည် လုပ်ကြံဖန်တီးမှုများသာဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်ခေါင်း‌ဆောင်ကို တွေ့ရစဉ်

ပြီးခဲ့သည့်လအတွင်း အီရန်အရာရှိများသည် ၎င်းတို့နိုင်ငံအနေဖြင့် ထရမ့်ကို လုပ်ကြံရန် ကြိုးပမ်းမည် မဟုတ် ကြောင်း အမေရိကန်အစိုးရကို ပြောကြားခဲ့သည်ဟု ဝေါလ်စထရိဂျာနယ်၏ သတင်းတစ်ပုဒ်တွင်  ဖော်ပြခဲ့သည်။

ထို့ကြောင့် ထရမ့်၏ ဒုတိယသက်တမ်းတွင် အီရန်အပေါ် ထားရှိမည့် အမေရိကန်၏ မူဝါဒကို စောင့်ကြည်ရမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

ထရမ့်၏ ပထမသက်တမ်း ကာလအတွင်း အရှေ့တောင်အာရှတွင် အီရန်၏ ဩဇာလွှမ်းမိုးမှုကို ထိန်းချုပ်ရန် အဆုံးစွန် ဖိအားပေးသည့် မူဝါဒ (“maximum pressure” policy) ကို ကျင့်သုံးခဲ့သည်။

ထို့ပြင် ၂၀၁၅ ခုနှစ်က အီရန်နှင့် အိုဘားမား (Obama) အစိုးရအဖွဲ့လက်ထက် ချုပ်ဆိုခဲ့သည့် JCPOA နျူကလီးယား သဘောတူညီချက်ကိုလည်း ၂၀၁၈ ခုနှစ်တွင် ထရမ့်က နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

Source: Asia Times