CNI International News

ဝါရှင်တန်၊ ဇွန်လ ၂၇

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump) သည် အီရန်ကို ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးပမ်းနေသည်ဟု Asia Times မှ ဖော်ပြခဲ့သည်။

ထရမ့်သည် အီရန်၏ နျူကလီးယားစက်ရုံ ၃ ခုဖြစ်သည့် ဖော်ဒိုး (Fordow) ၊ နက်တန့်ဇ် (Natanz) နှင့် အစ္စဖာဟန် (Isfahan) စက်ရုံများကို B‑2 ဗုံးကြဲလေယာဉ်များဖြင့် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုသည် ထရမ့်၏ အမေရိကန်ပထမ (America First) မူဝါဒနှင့် သိသိသာသာ ကွဲထွက်နေကြောင်း ထောက်ပြကြသည်။

ထိုလုပ်ဆောင်ချက်ကို ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) က “ထရမ့် ဝါဒ”(Trump Doctrine) ဟု တံဆိပ်ကပ်ခဲ့ပြီး အမျိုးသားလုံခြုံရေးအတွက် သံတမန်နည်းဖြင့် ဖြေရှင်းမရပါက အင်အားသုံး ဖြေရှင်းမည့် အချက်ကို ထင်ရှား ပေါ် လွင်စေခဲ့သည်။  

အီရန်စစ်ဗိုလ်ချုပ်ကြီးကိုတွေ့ရစဉ်

အမေရိကန်က အီရန်ကို တိုက်ခိုက်မှု ပြုလုပ်အပြီး အီရန်နှင့် အစ္စရေးကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်ရရှိခဲ့သည်။

ထို့ကြောင့် ထရမ့်၏ စစ်ဆင်ရေးသည် လျင်မြန်ပြီး အောင်မြင်သည့် ရလဒ်ထွက်ခဲ့သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

ထရမ့်ကို ရီပတ်ဘလစ်ကန်များ၏ ထောက်ခံမှုများလည်း မြင့်တက်လာခဲ့ကာ ရီပတ်ဘလစ်ကန်ပါတီ မဲပေးသူ ၈၀ ရာခိုင်နှုန်းက ထိုတိုက်ခိုက်မှုကို ထောက်ခံခဲ့သလို အမျိုးသားလုံခြုံရေးအတွက် အင်အားပြလုပ်ဆောင်ခဲ့သည့် ထရမ့်ကို ချီးကျူးနေကြသည်။

မည်သို့ပင်ဆိုစေ ထရမ့်၏ ဘက်တော်သားများဖြစ်သည့် တပ်ကာ ကာလ်ဆင် (Tucker Carlson) ၊ စတိဗ် ဘန်နွန် (Steve Bannon) တို့ကဲ့သို့ ရီပတ်ဘလစ်ကန်များက ထရမ့်၏ တိုက်ခိုက်မှုသည် စစ်ဆန့်ကျင်သော ထရမ့်၏  ကတိစကားများနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သတိပေးခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

ဟန်နစ်တီ (Hannity) နှင့် လီဗင် (Levin) တို့ကဲ့သို့ Fox News သတင်းဌာန၏ အစီအစဉ် တင်ဆက်သူများကမူ ထရမ့်၏ လုပ်ဆောင်မှုကို ကြီးကြီးမားမား အမွှမ်းတင် ဖော်ပြနေကြပြီး အီရန်၏ နျူကလီးယား ရည်မှန်းချက်ကို ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် ပုံဖော်ပြောဆိုခဲ့ကြသည်။

စစ်တမ်းများ၏ အဆိုအရ အမေရိကန်ပြည်သူ စုစုပေါင်း၏ ၇၉ ရာခိုင်နှုန်းက အီရန်၏ တုံ့ပြန်တိုက်ခိုက်မည့် အရေးကို စိုးရိမ်နေကြပြီး ထရမ့်၏ လုပ်ဆောင်ချက်ကို ထောက်ခံခဲ့ကြသည်။

ထရမ့်သည် အီရန် အရေးတွင် အရဲစွန့် လုပ်ဆောင်ခြင်းသည် စစ်ပွဲကို ရှောင်ကြဉ်မည်ဆိုသည့် ရွေးကောက်ပွဲ ကတိကဝတ်ကို ချိုးဖောက်ပြီး သူ့ကိုယ်သူ အင်အားကြီးမားသော ခေါင်းဆောင်တစ်ဦးအဖြစ် မဲဆန္ဒရှင်များကို မြင်တွေ့စေလိုခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

Source: Asia Times