CNI International News

ကိယက်ဗ်၊ ဇွန်လ ၂၇

ယူကရိန်းကို တိုက်ခိုက်နေသည့် စစ်ပွဲ၏ နောက်ကွယ်မှ ကြိုးကိုင်နေသည့် ရုရှားခေါင်းဆောင်များအား ဖမ်းဆီးဖို့ အထူးခုံရုံးဖွဲ့စည်းရန် ယူကရိန်းသမ္မတ ဇာလန်းစကီး(Volodymyr Zelenskyy)နှင့် ဥရောပကောင်စီ(CoE)တို့ ဇွန်လ ၂၅ ရက်က သဘောတူညီ လက်မှတ်ရေးထိုးခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ယူကရိန်းကို ကျူးကျော်စစ် စတင်ခဲ့သည့်အတွက် ရုရှား၏ ခေါင်းဆောင်ပိုင်းကို တာဝန်ယူမှုရှိစေရန် အထူးခုံရုံးသည် ချက်ချင်းလိုအပ်ကြောင်း ယူကရိန်းဘက်က ပြောကြားခဲ့သည်။

“ကျနော်တို့ဟာ ရန်လိုသူတွေကို အပြစ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ပြတ်ပြတ်သားသား ပြသဖို့လိုအပ်ပြီး ဒါကို ကျနော်တို့အားလုံး၊ ဥရောပနိုင်ငံအားလုံးက အတူတကွ လုပ်ဆောင်ရပါမယ်” ဟု CoE အတွင်းရေးမှူးချုပ် အလိန်း ဘာဆက် (Alain Berset) နှင့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဇာလန်းစကီးက ပြောကြားခဲ့ သည်။

ရုရှားသမ္မတ ပူတင် (Vladimir Putin) က ယူကရိန်းစစ်ပွဲတွင် ရုရှားက အသာစီး ရနေသည်ဟု ယူဆထားသဖြင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုများ ရပ်တန့်နေချိန်၌ အထူးခုံရုံဖွဲ့စည်းမည့် သဘောတူညီချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ဇာလန်းစကီးနဲ့ ဥရောပကောင်စီ လက်မှတ်ထိုးနေစဉ်

“စစ်ရာဇဝတ်မှု ကျူးလွန်သူတိုင်းဟာ တရားစီရင် ခံရမယ်ဆိုတာကို သိထားရပါတယ်။ အဲဒီထဲမှာ ရုရှားလည်း ပါပါတယ်”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။

အထူးခုံရုံးဖွဲ့စည်းမှုနှင့် လုပ်ငန်းစဉ်များကို လာမည့်နှစ် အစောပိုင်းတွင် စတင်နိုင်ရန် CoE က မျှော်လင့်ထားသည်။

အထူးခုံရုံးဖွဲ့စည်းပြီးနောက် ဒုတိယ လုပ်ဆောင်ရမည့် အချက်မှာ နိုင်ငံအများအပြားက အထူးခုံရုံးကို ပူးပေါင်း ပါဝင်လာရန်နှင့် အထူးခုံရုံးအား ကူညီထောက်ပံ့ ပေးစေရန်ဖြစ်ကြောင်း ဘာဆက်က ပြောသည်။

အထူးခုံရုံးကို ဖွဲ့စည်းတည်ထောင်မည့် နေရာနှင့် အခြား အသေးစိတ် အချက်အလက်များကို ဖြေရှင်းရန် လိုအပ်နေသေးကြောင်းလည်း ၎င်းက ဆိုသည်။

နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) သည် ပူတင်နှင့် အခြား ရုရှားအရာရှိများကို စစ်ရာဇဝတ်မှုများနှင့် ဖမ်းဝရမ်းများ ထုတ်ထားသော်လည်း တရားစီရင်နိုင်စွမ်း မရှိပေးပေ။

Source: DW