CNI International News
ဝါရှင်တန်၊ ဇွန်လ ၂၇
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) သည် လာမည့်နှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်တွင် စစ်သားများ၏ လစာကို တိုးမြှင့်ရန်၊ နည်းပညာမြင့် ဒုံးကျည်များနှင့် ဒရုန်းများကို ပိုမိုထုတ်လုပ်ရန် ဆန္ဒရှိနေ ကြောင်း ရိုက်တာမှ ဖော်ပြခဲ့သည်။
သို့သော် အသုံးစရိတ်ကို ခြွေတာရန် ရေတပ်၏ အလုပ်အကိုင်များကို လျှော့ချပြီး သင်္ဘောများနှင့် တိုက်လေယာဉ် များကို အနည်းငယ်သာ ဝယ်ယူရန်လည်း ဆန္ဒရှိနေသည်ဟု ဇွန်လ ၂၅ ရက်က တင်ခဲ့သည့် ဘတ်ဂျက်မူကြမ်း များတွင် ဖော်ပြခဲ့သည်။
အမေရိကန်သည် လာမည့်နှစ်အတွက် ကာကွယ်ရေးနှင့် အမျိုးသားလုံခြုံရေး ဘတ်ဂျက်ကို ဒေါ်လာ ၈၉၂ ဒသမ ၆ ဘီလျံ လျာထားခဲ့ကာ ထိုပမာဏသည် ယခုနှစ် ဘတ်ဂျက်နှင့် တူညီမှုရှိနေသည်။
ထိုဘတ်ဂျက်အတွင်း နျူကလီးယား လက်နက်များနှင့်ဆက်နွှယ်သည့် အစီအစဉ်များ၊ အမိမြေလုံခြုံရေး ရန်ပုံငွေ ကို တိုးမြှင့်မှုတို့လည်း ပါဝင်ခဲ့သည်။
တိုက်လေယာဉ်ကိုတွေ့ရစဉ်
အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်၏ ရန်လိုမှုကို ဟန့်တားရန်နှင့် ကာကွယ်ရေး လုပ်ငန်းများကို ပြန်လည် သက်ဝင် လှုပ်ရှားလာစေရန် အတွက်လည်း ဘတ်ဂျက်ကို အသုံးပြုမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
၂၀၂၆ ခုနှစ်အတွက် ဘတ်ဂျက်အများစုကို ထရမ့်၏ ရွှေကွန်ခြာ (Golden Dome) ဒုံးကျည် ကာကွယ်ရေးစနစ် စီမံကိန်းအတွက် အသုံးပြုမည်ဖြစ်ပြီး ထရမ့်သည် Lockheed Martin ကုမ္ပဏီထံမှ F-35 တိုက်လေယာဉ် အနည်းငယ်နှင့် စစ်သင်္ဘော အနည်းငယ်ကိုသာ မှာယူခဲ့သည်။
ထို့ပြင် ကုန်ကျစရိတ် များပြားသည့် သင်္ဘောအဟောင်းများနှင့် လေယာဉ်အဟောင်းများ အပါအဝင် လက်နက် အဟောင်းများကို အနားပေးခြင်းဖြင့် ဘတ်ဂျက်အား ခြွေတာပြီး စစ်သားများ၏ လစာကို ၃ ဒသမ ၈ ရာခိုင်နှုန်း တိုးမြှင့်ပေးရန်လည်း တောင်းဆိုထားသည်။
ထို့ပြင် ရေတပ်တွင်လည်း အရပ်ဖက် ဝန်ထမ်းအင်အား စုစုပေါင်းအနက် ဝန်ထမ်း ၇၂၈၆ ဦးကို လျှော့ချရန် ဘတ်ဂျက်တွင် အဆိုပြုထားသည်။
ဂျိုးဘိုင်ဒန် (Joe Biden) ၏ သမ္မတနောက်ဆုံး သက်တမ်းက တောင်းဆိုခဲ့သည့် ၂၀၂၅ ခုနှစ် ဘတ်ဂျက်တွင် ဘိုင်ဒန်သည် F-35 တိုက်လေယာဉ် ၆၈ စင်း မှာယူခဲ့ပြီး ထရမ့်၏ ၂၀၂၆ ခုနှစ် ဘတ်ဂျက်၌ တိုက်လေယာဉ် ၄၇ စင်းသာ မှာယူခဲ့သည်။
Source: ရိုက်တာ