CNI International News
ကိယက်ဗ်၊ ဇွန်လ ၉
ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့မှ ခေါင်းဆောင်များသည် ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelenskyy) နှင့် ရုရှားသမ္မတ ပူတင် ( Vladimir Putin) တို့ကြား ဆွေးနွေးပွဲများ ပြုလုပ်ရန် အဆိုပြုချက်ကို ထောက်ခံကြောင်း ဇွန်လ ၇ ရက်တွင် ပြောကြားခဲ့သည်ဟု Japan Times မှ ဖော်ပြခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ (Keir Starmer)၊ ဂျာမန်ဝန်ကြီးချုပ် ဖရိုင်းဒရစ် မားဇ် (Friedrich Merz) နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) တို့၏ ပူးတွဲထုတ်ပြန်ချက်တွင် စစ်ပွဲ အဆုံးသတ် ရေးအတွက် ဇာလန်းစကီး၏ တောင်းဆိုချက်နှင့် အမေရိကန်၊ ဥရောပတို့၏ ပါဝင်မှုဖြင့် ယူကရိန်းနှင့် ရုရှားအကြား တိုက်ရိုက်ဆွေးနွေးပွဲ ပြုလုပ်ရန် အဆိုပြုချက်ကို ချီးကျူးဂုဏ်ပြုကြောင်း ဖော်ပြထားသည်။
ယူကရိန်းအား နိုင်ငံတကာမှ အဓိကပံ့ပိုးပေးနေသည့် အင်အားစုများထဲတွင် ပါဝင်နေပြီး၊ E3 ဟု အမည်ပေးထား သည့် လုံခြုံရေးမဟာမိတ်အဖွဲ့ကို ဖွဲ့စည်းထားသော ထိုခေါင်းဆောင် သုံးဦးနှင့်အတူ သမ္မတဇာလန်းစကီးသည် လည်း ဒေါင်းနင်းလမ်း (Downing Street) ရှိ ဗြိတိန်ဝန်ကြီးချုပ်ရုံးသို့ ဇွန်လ ၇ ရက်၌ ရောက်ရှိလာခဲ့သည်။
ဇာလန်းစကီးသည် ပူတင်ထံ အိတ်ဖွင့် ပေးစာတစ်စောင် ပေးပို့အပြီး ရက်ပိုင်းအကြာတွင် ဥရောပခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်
ဇာလန်းစကီးသည် ၅ နှစ်ခန့် ကြာမြင့်လာသည့် စစ်ပွဲကို အဆုံးသတ်ရန်အတွက် ပူတင်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးရန် ပေးစာတစ်စောင်ပေးပို့ပြီး အဆိုပြုခဲ့သော်လည်း ပူတင်က ငြင်းပယ်ခဲ့သည်။
ဥရောပခေါင်းဆောင်များ၏ ပူးတွဲထုတ်ပြန်ချက်တွင် ရုရှားသမ္မတထံ ပေးပို့သော ဇာလန်းစကီး၏ စာထဲ၌ ရေးသား ထားသည့်အတိုင်း သံတမန်ရေးရာ နည်းလမ်းများဖြင့် ညှိနှိုင်းဆွေးနွေးကာ စစ်ပွဲကို အဆုံးသတ်ရန် တောင်းဆို ချက်ကို ချီးကျူးဂုဏ်ပြုကြောင်း ဖော်ပြထားသည်။
ဇာလန်းစကီးက ၎င်း၏စာထဲတွင် ရုရှားပြည်သူများသည် ယူကရိန်း၏ ဒုံးကျည်နှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ၊ မြင့်မားသော ကုန်ဈေးနှုန်း ကြီးမြင့်မှု ငွေကြေးဖောင်းပွမှုနှင့် စက်သုံးဆီ ပြတ်လပ်မှုဒဏ်များကို ငြီးငွေ့လာကြ သောကြောင့် ငြိမ်းချမ်းရေးအတွက် အဆင်သင့် ဖြစ်နေကြောင်း ရေးသားခဲ့သည်။
ရုရှားသမ္မတ ပူတင်ကမူ ဇာလန်းစကီး၏ ကမ်းလှမ်းချက်သည် ရိုးသားမှုမရှိကြောင်းနှင့် လက်ရှိအချိန်တွင် တွေ့ဆုံ စရာ အကြောင်းမရှိကြောင်း ပြောကြားခဲ့ကာ ရေရှည်အတွက် သဘောတူညီချက်တစ်ရပ် လိုအပ်သည်ဟု ထည့်သွင်း ပြောဆိုခဲ့သည်။
Source: Japan Times
