CNI International News
ကိယက်ဗ်၊ နိုဝင်ဘာ ၁၁
ယူကရိန်းသည် ရုရှား၏ မြို့တော်ဖြစ်သည့် မော်စကို (Moscow) ကို နိုဝင်ဘာ ၁၀ ရက်က ဒရုန်း ၃၂ စင်းဖြင့် တိုက်-ခိုက်ခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ထိုတိုက်-ခိုက်မှုသည် ရုရှား-ယူကရိန်းစစ်ပွဲ စတင်ခဲ့သည့် ၂၀၂၂ ခုနှစ် နောက်ပိုင်း ရုရှား၏ မြို့တော်ကို ဒရုန်း အစင်းရေ အများဆုံးဖြင့် တိုက်-ခိုက်သည့် ဖြစ်စဉ်တစ်ခုဖြစ်ကြောင်း CNA မှ ဖော်ပြခဲ့သည်။
ထိုတိုက်-ခိုက်မှုကြောင့် မော်စကိုမြို့တော်၏ အဓိကလေဆိပ်များထဲမှ လေဆိပ် ၃ ခု၏ လေကြောင်းလိုင်းများ လမ်းကြောင်းပြောင်း မောင်းနှင်ခဲ့ရပြီး လူ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။
ရုရှားလေကြောင်းကာကွယ်ရေး တပ်ဖွဲ့သည် မော်စကိုဒေသ၏ ရာမန်စကိုယီ (Ramenskoye) ရပ်ကွက်၊ ကိုလို မန်စကီး (Kolomensky) ရပ်ကွက်နှင့် ဒိုမိုဒီဒိုဗိုမြို့များတွင် ဒရုန်း ၃၂ စင်းကို ပစ်-ချခဲ့ကြောင်း မော်စကိုမြို့တော်ဝန် ဆာဂျေ ဆိုဗျာနင် (Sergei Sobyanin) က ပြောကြားခဲ့သည်။
"မော်စကိုကို ပျံသန်းလာတဲ့ ဒရုန်း ၃၂ စင်းကို ဖျက်ဆီးနိုင်ခဲ့ပါတယ်"ဟု ဆိုဗျာနင်က ပြောကြားခဲ့သလို ထိခိုက် ပျက်စီးမှု ကြီးကြီးမားမား မရှိကြောင်းလည်း ထပ်လောင်း ပြောကြားခဲ့သည်။
ယူကရိန်းက ရုရှားကို ဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ပျက်စီးစဉ်
ဒိုမိုဒီဒိုဗို၊ ရှာရီမတ်ယီဗို (Sheremetyevo) နှင့် ဇူကိုဗို (Zhukovo) လေဆိပ်သုံးခုတွင် လေကြောင်းလိုင်းများ လမ်းကြောင်း ပြောင်းလဲခဲ့ရသော်လည်း လက်ရှိတွင် လေကြောင်းလိုင်း လုပ်ငန်းစဉ်များ ပြန်လည် လည်ပတ်ပြီ ဖြစ်ကြောင်း ရုရှားလေကြောင်းလိုင်း စောင့်ကြည့်ရေးအဖွဲ့ Rosaviatsia က ပြောကြားခဲ့သည်။
လူဦးရေ ၂၁ သန်း နေထိုင်သည့် မော်စကိုနှင့် အနီးတစ်ဝိုက် ဒေသသည် တူရကီ၏ အစ္စတန်ဘူလ် (Istanbul) မြို့နှင့်အတူ ဥရောပ၏ အကြီးဆုံး မြို့ပြဒေသများထဲတွင် ပါဝင်နေသည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလကလည်း ကရင်မလင် နန်းတော်နှင့် ၄၅ ကီလိုမီတာ အကွာရှိ ရာမန်စကိုယီရပ်ကွက် ကို ယူကရိန်းက ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပြီး ရုရှားလေကြောင်း ကာကွယ်ရေးတပ်ဖွဲ့များက ယူကရိန်းဒရုန်း အစင်း ၂၀ ကို ဖျက်ဆီးနိုင်ခဲ့သည်။
ယူကရိန်းစစ်ပွဲသည် ၂ နှစ်ခွဲကျော် ကြာမြင့်လာချိန်တွင် ရုရှားတပ်ဖွဲ့များသည် ယူကရိန်းစစ်မြေပြင်တွင် အသာစီး ရခဲ့ပြီးနောက် စစ်ပွဲ၏ နောက်ဆုံးအဆင့်သို့ ဝင်ရောက်လာပြီဟု ခန့်မှန်းရကြောင်း ကျွမ်းကျင်သူများက ပြောကြား ခဲ့သည်။
လာမည့်နှစ် ဇန်နဝါရီလတွင် အမေရိကန်သမ္မတ တာဝန်ကို စတင်ထမ်းဆောင်မည့် ဒေါ်နယ်ထရမ့် (Donald Trump) ကမူ သူသမ္မတအဖြစ် စတင်တာဝန်ယူသည့် အချိန်မှစပြီး ၂၄ နာရီအတွင်း ယူကရိန်းစစ်ပွဲကို အဆုံးသတ် ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
Source: CNA