CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
၂၀၂၅ အထွေထွေရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာသည့် လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အာဏာရပါတီနှင့် အတိုက်အခံ ပါတီဟု ခွဲခြားမနေဘဲ အားလုံးပူးပေါင်း၍ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်သင့်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြသည်။
မြန်မာနိုင်ငံတွင် ၂၀၂၅ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ အပိုင်း ၃ ပိုင်း ခွဲခြားကာ ကျင်းပခဲ့သည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အနိုင်ရခဲ့ပြီး မြန်မာ့တပ်မတော်နှင့် ပူးပေါင်း၍ လွှတ်တော် အပါအဝင် ပြည်ထောင်စုအစိုးရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များကို ဖွဲ့စည်းခဲ့သည်။
အဓိကအားဖြင့် လွှတ်တော်ထဲတွင် အာဏာရပါတီ မဟုတ်သည့် အတိုက်အခံပါတီများမှ လွှတ်တော် ကိုယ်စား လှယ်များ ဝေဖန်ထောက်ပြသည့် အခါတွင် ကိုယ်စားလှယ်များ အချင်းချင်း အကောင်းမြင်ရန် လိုအပ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ခြောက်လပိုင်း ၂ ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လောက်အထိ လူထုအတွက် ပြောလဲ ပေါ့။ သူ ကိုယ်စားပြုတဲ့ လူ့ထုအတွက် ဘယ်လောက်အထိ ပြောသလဲ ဆိုတဲ့ဟာက နံပါတ်တစ် လွှတ်တော် ဘယ်လောက်အထိ အလုပ်လုပ်လို့ ရသလဲဆိုတာ အဲဒီဟာ တစ်ချက်ကြည့်ရမယ်။ နောက်တစ်ခုက အတိုက်အခံ ပေါ့၊ အတိုက်အခံ ဆိုတဲ့ဟာက လက်ရှိ အာဏာရပါတီ မဟုတ်တဲ့ ပါတီတွေ အကုန်လုံးက အတိုက်အခံ လူနည်းစု ကိုယ်စားလှယ်တွေ ဖြစ်တာကို။ ဒီ ကိုယ်စားလှယ်တွေရဲ့ အဓိက အလုပ်သည် အစိုးရဖြစ်သွားတဲ့ ပါတီရယ်၊ အစိုးရ ဖြစ်နေတဲ့ ဟိုဟာ အကုန်လုံးကို ဒီဘက်က မူဝါဒတွေ ဘာတွေ အကုန်လုံးကို ဝေဖန်ထောက်ပြရမယ်။ အဲဒီ ဝေဖန် ထောက်ပြတာသည် သူ့အလုပ်ဖြစ်တယ်။ ဒါသူ့အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နေတာဖြစ်တယ် ဆိုတဲ့ဟာ ကို ဟိုဘက်က အာဏာရထားတဲ့ ပါတီအနေနဲ့ အာဏာရထားတဲ့ အစိုးရအနေနဲ့ အဲဒါကိုလည်း ကြည်ကြည်ဖြူဖြူ လက်ခံနိုင်ရမယ်။ ဒါသည် သူ့အလုပ်သူ လုပ်နေတယ်။ မြန်မာတွေရဲ့ ပြဿနာက အကြီးမားဆုံး ပြဿနာက ဝေဖန်လာတယ်ဆိုရင် ဒီကောင်တွေက ငါတို့ကို ကန့်လန့်တိုက်နေတာပဲ ထင်နေတာ။ အမှန်က သူ့အလုပ် သူလုပ် တာ။ ဆိုတော့ အဲဒီလိုဟာမျိုးကို လူအများစုနဲ့ ငါတို့က လူများတယ်ဆိုပြီး လူနည်းစုကို အတင်း သတ်လိုက်တဲ့ဟာ မျိုး အာဏာရပါတီတွေ အနိုင်ရ အစိုးရဘက်က လုပ်သွားမယ်ဆိုရင် ဒီဘက်ကလည်း လူနည်းစုဖြစ်တော့ ကြောက် လန့်ပြီး မပြောရဲမဆိုရဲ ဖြစ်သွားတာမျိုးလည်း ဖြစ်လို့မရဘူး။ အဲဒီဟာတွေ အကုန်လုံးက ကျနော်တို့ ဒီမိုကရေစီ ဆိုတာကို ဘယ်လောက်နားလည်လဲ။ ဒီဟာရဲ့ ဘယ်လို Function အလုပ်လုပ်ရတာလဲ ဆိုတဲ့ဟာကို နားလည် သဘောပေါက်မှုအပေါ်မှာ မူတည်ပြီးတော့မှ ဘယ်လောက် အလုပ်ဖြစ်သလဲဆိုတာ ပေါ်ထွက်လာမှာပေါ့နော်” ဟု ပြောသည်။

ပြည်သူ့လွှတ်တော်ကို တွေ့ရစဉ်
မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာသည့် လွှတ်တော်နှင့်အစိုးရသည် ပြည်သူလူထုကို ကိုယ်စားပြုသည့် လွှတ်တော် နှင့် အစိုးရဖြစ်ဖို့ လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသူများနှင့် ပြည်သူများက ထောက်ပြကြသည်။
လွှတ်တော်ထဲတွင် အနိုင်ရပါတီနှင့် အတိုက်ခံပါတီများအကြား ပွတ်တိုက်မှုများ ရှိနိုင်ကြောင်း၊ သို့သော် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ပါတီမခွဲခြားဘဲ ပြည်သူ့အကျိုးကို ရှေးရှုကာ အပြုသဘောဆောင်သည့် အမြင်မျိုးဖြင့်သာ သွားသင့်ကြောင်း ကရင်ပြည်သူ့ပါတီ(KPP)မှ လွှတ်တော်ကိုယ်စားလှယ် မန်းရဲသူရိန်ဟန်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အားလုံး အပြုသဘောဆောင်တဲ့ အမြင်မျိုးနဲ့ ထောက်ပြပြီးတော့ လုပ်ဆောင်ရမယ် ဆိုတော့လည်း အားလုံး ဒီလို ပွတ်တိုက်မှုကတော့ ရှိမှာပါ။ ပွတ်တိုက်မှုကတော့ လုံးဝ ကင်းမှာတော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း ပွတ်တိုက်မှု လျော့ကျအောင်တော့ လျှော့ချတဲ့ နည်းလမ်းက ဆိုရင်တော့ အပြုသဘောဆောင်တဲ့ ချဉ်းမှုမျိုးနဲ့ သွားရင်တော့လည်း ပွတ်တိုက်မှု လျော့ကျသွားမှာပါ။ အပြုသဘောဆောင်တဲ့ နေရာမှာက ကျနော်တို့ အာဏာရ ပါတီဘက်က ဥပမာပြောမယ်ဆို ပေါ်လစီ တစ်ခုပဲဖြစ်ဖြစ် တခြားသော မူဝါဒရေးရာပဲဖြစ်ဖြစ်၊ ဒေသဖွံ့ဖြိုးရေး မှာပဲဖြစ်ဖြစ်၊ ဥပဒေကြမ်းပဲဖြစ်ဖြစ် သူတို့တင်သွင်းတဲ့ နေရာမှာ အတိုက်အခံတွေ ဘက်ကလည်း ဒီဟာတွေက လူထုတွေနဲ့ သင့်တော်တယ်။ နိုင်ငံအတွက် အကျိုးရှိမယ်ဆိုတဲ့ အရာတွေတင်တယ်။ တချို့သော အရာတွေမှာ အတိုက်အခံတွေ ဘက်ကလည်း ဒါတွေကို အသိအမှတ်ပြုရမှာ ဖြစ်သလို အတိုက်အခံဘက်က တင်သွင်းတဲ့ ဥပဒေရေးရာပဲဖြစ်ဖြစ်၊ မူဝါဒရေးရာပဲဖြစ်ဖြစ် လူထုတွေ အကျိုးရှိတယ်ဆိုလို့ရှိရင် အာဏာရပါတီတွေ ဘက်က လည်း အော် ဒါကတော့ တို့နိုင်ငံအတွက်၊ တို့လူမျိုးတွေအတွက် အကျိုးဖြစ်ထွန်းမယ့် အရာတွေဖြစ်တဲ့အတွက် ဒါတွေကတော့ သူတို့က ငါတို့ထက် လုပ်နိုင်တယ်။ ငါတို့ကို ကျော်သွားပြီး လုပ်တယ်ဆိုတဲ့ အသိကို မပါဘဲနဲ့ အပြုသဘောဆောင်တဲ့ အနေနဲ့ ဒါကောင်းလို့ လုပ်ဆောင်ကြတာပဲဆိုတဲ့ ပုံစံမျိုးနဲ့ မြင်တတ်ရင်တော့ ပိုကောင်း တယ်။ ကျနော့်အမြင် အနေနဲ့ကတော့ ပါတီမဟုတ်ဘဲနဲ့ ပြည်သူအကျိုးပြုမယ့် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ နိုင်ငံ့အကျိုးအတွက်ကို စုပေါင်းပြီးတော့ ပူးပေါင်းတယ်ဆိုတာ ဥပမာ ဒီဥပဒေက ဒီဟာနဲ့ မသင့်တော် တော့ဘူး၊ ဒါကို ကျနော်တို့ အဆိုတွေ သွားတင်ကြမယ်ဆိုရင် အာဏာရပါတီ ဘက်ကနေရော အတိုက်အခံ ပါတီဘက်ကလူရော ပူးပေါင်းပြီးတော့ အဆိုကို တင်သွင်းတာ၊ ထောက်ခံတာတွေ ဒါတွေ ကျနော်တို့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင်တော့ ကောင်းတဲ့ရပ်ဝန်းတစ်ခုတော့ ဖြစ်လာမှာပေါ့ဗျာ” ဟု ပြောသည်။

လွှတ်တော်အမတ်များကို တွေ့ရစဉ်
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကနေ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထုများ အဓိကအားဖြင့် အခြေခံ လူတန်းစားများ အခက်အခဲ ကြုံတွေ့နေရ သည့် ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုကို ဦးစားပေး ဆောင်ရွက်လိုကြောင်း နိုင်ငံရေး လေ့လာစောင့်ကြည့် သူများက ထောက်ပြကြသည်။
ထို့နောက် ဇွန်လ ပထမအပတ်ထဲတွင် လွှတ်တော်အသီးသီး ပြန်လည် စတင် ကျင်းပတော့မည်ဖြစ်၍ မည်သည့် အရေးကိစ္စများကို ဆွေးနွေးလာကြမလဲဆိုသည်ကို စောင့်ကြည့်ရမည်ဟု နိုင်ငံရေးပါတီများက ပြောသည်။
