CNI News 

၂၀၂၅ ခုနှစ်၊ မေလ ၉

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့(ILO)က မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့ အရေးယူမှု ချမှတ်သွားရန် ရှိသည်ဟု သတင်းများထွက်ပေါ်နေခြင်းကြောင့် အမှန်တကယ် ပိတ်ဆို့မှုလုပ်ခဲ့ပါက အလုပ်သမား သိန်းချီ အခက်အခဲတွေ့နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) အတွင်းရေးမှုး ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ILO သည် Article 33 ပါ ပြဋ္ဌာန်းချက်များကို မလိုက်နာသည့် နိုင်ငံကို ဆန်ရှင်လုပ်၍ အရေးယူလေ့ရှိရာ မြန်မာ နိုင်ငံကိုလည်း Article 29၊ Article 87၊ Article 111၊ Article 138 တို့အား လိုက်နာမှု ရှိ/မရှိ ဇွန်လတွင် စိစစ်မည် ဖြစ်ပြီ ချိုးဖောက်မှုတွေ့ရှိပါက ပိတ်ဆို့အရေးယူမှု လုပ်မည်ဟု ပြည်တွင်း/ပြည်ပ သံတမန်များကြား သတင်းများ ထွက်ပေါ်နေသည်။

ဦးထက်အောင်ကျော်ကို တွေ့ရစဉ်

ဦးထက်အောင်ကျော်က “ဒီ Article 33 ရယ်၊ Article 29 ရယ်၊ Article 87 ရယ် ၊ Article 111 ရယ် Article 138 ရယ် ဒီ ၄ ချက်ကို မဖြစ်မနေ လိုက်နာရမယ် လိုက်နာမှု ပျက်ကွက်တယ် ဆိုလို့ရှိရင် ဒါကျနော်တို့ အရေးယူမှုတွေ လာတာပေါ့နော်။ အထည်ချုပ် လုပ်ငန်းထဲမှာ အလုပ်သမားတွေက မနည်းဘူးဆိုတဲ့ အခါကျတော့ အနည်းဆုံး ကျနော်တို့ က လူ ၄- ၅ သိန်းလောက် အလုပ်ပြုတ်သွားနိုင်တဲ့ အနေအထားရှိတယ်။ ပြီးရင် ကျနော်တို့ တိုင်းပြည် ရဲ့ အဓိက ပို့ကုန်မဏ္ဍိုင်ကို ကြည့်လိုက်လို့ရှိရင်လည်း ဒီအထည်ချုပ်က ပို့ထားတဲ့ ဝင်ငွေ‌က အ‌ရေးကြီးတဲ့ထဲမှာ ပါတဲ့ အတွက်ကြောင့်မို့လို့ တော်တော်ကို အရေးကြီးတယ်‌ပေါ့။ အဲအတွက်ကြောင့်မို့လို့ ဒီဟာကြီး ဖြစ်သွားခဲ့သည် ရှိသော်ပေါ့ အတော်စိုးရိမ်စရာ ကောင်းတယ်ပေါ့။ ဒီအတွက်ကြောင့်မို့ အစိုးရအနေနဲ့ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ဒါတွေကို သေသေချာချာလေး ဖိဖိစီးစီး ကိုင်တွယ် ဆောင်ရွက်ဖို့တော့ မျှော်လင့်တာပေါ့”ဟု ပြောသည်။

မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်ငန်းကိုတွေ့ရစဉ်

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း အထည်ချုပ်လုပ်ငန်းမှ ပြည်ပတင်ပို့မှု ဝင်ငွေဒေါ်လာ ၉၉၄ ဒသမ ၁ သန်း ရရှိခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံမှ အထည်ချုပ်လုပ်ငန်းများသည် နိုင်ငံပေါင်း ၈၀ ကျော်ကို တင်ပို့လျက်ရှိကြောင်း၊ ထိုနိုင်ငံများမှာ ဂျပန်၊ ပိုလန်၊ စပိန်၊ ဂျာမနီ၊ ကိုရီးယား၊ ယူကေ၊ နယ်သာလန်၊ အီတလီ၊ အမေရိကန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဘယ်လ်ဂျီယံတို့ကို အဓိက တင်ပို့လျက်ရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။