CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၁၈

လက်ရှိ ချင်းပြည်နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များ ထိန်းချုပ်ထားသည့် ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်မည့် အုပ်ချုပ် ရေး အစီအမံတစ်ခုကို မကြာခင် စတင်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် ပူးတွဲကာကွယ်ရေးကော်မတီ (CJDC)မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ချင်းပြည်နယ်မှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအနေနှင့် ချင်းပြည်နယ်၏ ကျေးလက်ဒေသများ အပါအဝင် ပြည်နယ်၏ ၇၅ ရာခိုင်နှုန်းကျော် ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း၊ မကြာခင်ကာလတွင် ထိုထိန်းချုပ်နယ်မြေများ၌ အုပ်ချုပ်ရေး အစီအမံ လမ်းကြောင်းကို စတင်မည်ဖြစ်ကြောင်း CJDC သတင်းနှင့်ပြန်ကြားရေးဌာန အတွင်းရေးမှူး Paul က ပြောသည်။

၎င်းက “ကျနော်တို့ ပလက်ဖောင်းတစ်ခုကိုတော့ မကြာမီ အချိန်အတွင်းမှာ ချင်းပြည်တည်ဆောက်ရေးအတွက် လိုအပ်တဲ့ အုပ်ချုပ်ရေး ယန္တရား အစီအမံတွေကိုလည်း သက်ဆိုင်ရာ ကျနော်တို့ လက်ရှိ ချင်းပြည်နယ်မှာ ICNCC စုဖွဲ့မှုလည်း ရှိသလို၊ တစ်ဖက်မှာလည်း စစ်ရေးအရ ဆိုပေမယ့် လိုအပ်ချက်အရ ကျနော်တို့ CJDC အနေနဲ့ကလည်း အုပ်ချုပ်ရေး ယန္တရားတွေ ခုန ကပြောတဲ့ ပညာရေး၊ ကျန်းမာရေး၊ IDPs ကဏ္ဍတွေမှာလည်း ဘယ်လိုပုံစံမျိုး ကျနော်တို့ စုစည်းကြမလဲ၊ ဘယ်လိုပုံစံမျိုး ပေါင်းစည်းကြမလဲဆိုတဲ့ ဆွေးနွေးဆုံးဖြတ်ချက်တွေ တော်တော်များများလည်း ရှိပါတယ်၊ အဲဒီအပေါ်မှာလည်း တိတိကျကျ ကျနော်တို့ ဖော်ပြလို့ မရပေမယ့် မကြာမီကာလမှာ လက်ရှိ ခုနကပြောတဲ့ ၇၅ နဲ့ ၈၀ ကြားမှာ Control Areas လိုမျိုးမှာ တိ တိကျကျ ဆောင်ရွက်လို့ရနိုင်တဲ့ ပလက်ဖောင်း တစ်ခုလိုမျိုး၊ ဘယ်လိုနာမည်နဲ့ ထွက်လာမယ်ဆိုတာ မသိပေမယ့်လည်း မကြာမီကာလမှ အစီအမံတစ်ခုကိုတော့ ကျနော်တို့ ဖော်ဆောင်သွားဖို့ ရှိပါလိမ့်မယ်၊ အဲဒီဟာကလည်း ချင်းပြည်တစ်ခုလုံးရဲ့ လွှမ်းခြုံနိုင်တဲ့ ပလက်ဖောင်းတစ်ခုကို အခြေခံပြီးတော့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။


CJDC အစည်းအဝေး ကျင်းပနေစဉ်

ပြီးခဲ့သည့် ဧပြီလ ဒုတိယအပတ်အတွင်းက CJDC အစည်းအဝေး ကျင်းပ၍ မြို့နယ်နှင့် ဒေသကာကွယ်ရေးတပ်များ၏ စစ်ရေး ဆိုင်ရာ အစီရင်ခံချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း လုပ်ဆောင်ခဲ့သည်ဟု CJDCက ထုတ်ပြန် ထားသည်။

CJDC ကို CNF၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)များ အပါအဝင် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ၁၈ ဖွဲ့ဖြင့် စုဖွဲ့ထားကြောင်း သိရသည်။

CJDC သတင်းနှင့်ပြန်ကြားရေးဌာန အတွင်းရေးမှူး Paul က “မြို့ပြလိုမျိုး ခုနက ဟားခါးလိုမျိုးဆိုရင် ဟားခါးမြို့ရဲ့ အနီးစပ် ဆုံး ၄ မိုင်- ၅ မိုင်လောက်အထိကို စစ်ကောင်စီတွေအနေနဲ့ ထိုးဖောက်လို့ မရတဲ့ နေရာမျိုးမှာ ကာကွယ်ရေးတပ်တွေ ရှိတယ် ပေါ့လေ၊ အဲဒီ ကျေးရွာတွေတိုင်းရဲ့ အုပ်ချုပ်ရေး ယန္တရား တည်ဆောက်တဲ့ နေရာတွေ အကုန်လုံးက ကျနော်တို့နဲ့ပဲ သွားရမယ် ဆိုတဲ့ ပုံစံမျိုး ဖြစ်လာပါတယ်၊ ပြီးတော့မှ ထန်တလန်လိုမျိုးကို သွားကြည့်မယ်ဆိုရင်လည်း မြို့တွင်းမှာရှိတဲ့ တပ်ကုန်းလို နေရာမျိုးပဲ စစ်ကောင်စီတွေ နေလို့ရတယ်၊ ကျန်တဲ့ ကျေးရွာပေါင်း အကုန်လုံးကိုတော့ ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ Control Areas လုပ်ထားတာမျိုး ဖြစ်ပါတယ်၊ အဲဒီလိုမျိုး တခြားနေရာ တော်တော်များများမှာလည်း ကျနော်တို့ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မြို့တွင်းကလွဲရင် ကျန်တဲ့ ချင်းပြည်နယ်ရဲ့ မြို့တော်တော်များများတွေမှာ ထိန်းချုပ်ထား နိုင်တဲ့ ဧရိယာကို Boundary ကိုတွက်ပြီးတော့ Percentage အနေနဲ့က တွက်ထားတာမျိုးလည်း ဖြစ်ပါတယ်”ဟု ပြောသည်။

CDF များက တိုက်ခိုက်နေခြင်း

CJDC က ချင်းပြည်နယ်အတွင်း လှုပ်ရှားနေသည့် ဇိုမီးလက်နက်ကိုင်အဖွဲ့ဖြစ်သည့် ZRO/ZRA (Eastern Command) ကို လည်း တော်လှန်ရေးလှုပ်ရှားမှုများကို နှောင့်ယှက်သည်ဟုဆိုကာ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း ကြေညာထား သည်။

လက်ရှိ ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဦး (CNF) ၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့နှင့် တပ်မတော် အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။