CNI International News

ဘေကျင်း၊ မတ်လ ၄

တောင်တရုတ်ပင်လယ်နှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံတမန်၏ မှတ်ချက်စကားကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ (Manila) မြို့တော်ရှိ တရုတ်သံရုံးက မတ်လ ၃ ရက်တွင် ထုတ်ပြန်ခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။

ထို့နောက် ဖိလစ်ပိုင်သံတမန်၏ ပြောကြားချက်များသည် အခြေခံ အချက်အလက်များကို လျစ်လျူရှုထားခြင်း ဖြစ်ကြောင်း၊ ဖိလစ်ပိုင်သံတမန်၏ မှတ်ချက်စကားများသည် တောင်တရုတ် အရေးနှင့်ပတ်သက်ပြီး အကြောင်းမဲ့ သက်သက် အလွန်အကျူး ပြောကြားနေခြင်းဖြစ်ပြီး တရုတ်ကို သားပုပ်လေလွင့် ရှုတ်ချခြင်းဖြစ်သည်ဟု တရုတ် သံရုံးက ထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံတမန် ဟိုဆေး မန်နျူရယ် ရိုမြူယယ်ဒက်ဇ် (Jose Manuel Romualdez) က တောင်တရုတ်ပင်လယ်အရေးနှင့် ထိုင်ဝမ်အရေးသည် အလွန်စိုးရိမ်စရာ ကောင်း ကြောင်း၊ ထိုအရေးကိစ္စများသည် အနောက်ဖိလစ်ပိုင် ပင်လယ်တွင် တင်းမာမှုများ ပေါက်ကွဲလာစေနိုင်သည့် အကြောင်းရင်းခံများဖြစ်သည်ဟု ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ်ကို တွေ့ရစဉ်

ဖိလစ်ပိုင်သံတမန်၏ မှတ်ချက်စကားများသည် မိမိအိမ်ထဲသို့ ဝံပုလွေများ ခေါ်သွင်းနေခြင်းဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ်တွင် မတူကွဲပြားမှုများကို ဖြေရှင်းရာတွင် ကူညီမပေးသည့် အသိုင်းအဝိုင်း အနည်းငယ်နှင့် ထိတွေ့ ဆက်ဆံရုံသာမက ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို လျော့ပါးစေပြီး ဒေသတွင်း အခြေအနေ များကို ရှုပ်ထွေးစေနိုင်ကြောင်း တရုတ်သံရုံးက တုန့်ပြန်ခဲ့သည်။

ရိုမြူယယ်ဒက်ဇ် အနေဖြင့် “တရုတ်ခြိမ်းခြောက်မှု သီအိုရီ” (China threat theory) ကို ဖြန့်နေခြင်းကို ရပ်တန့် ရန်နှင့် အခြားနိုင်ငံများအတွက် ပြောရေးဆိုခွင့်ရှိသူ တစ်ဦးအဖြစ် ဟန်ဆောင်နေခြင်း မပြုရန်လည်း တရုတ်သံရုံး က တိုက်တွန်းခဲ့သည်။

ထိုပြောကြားချက်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၊ ဘေကျင်းမြို့တော်ရှိ ဖိလစ်ပိုင်သံရုံးက မှတ်ချက်မပေးခဲ့ပေ။

တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့် ဖိလစ်ပိုင်အကြား နယ်နိမိတ်ပိုင်ဆိုင်မှု အငြင်းပွားမှုများကြောင့် တင်းမာမှု များ မြင့်တက်ခဲ့သည်။

တရုတ်သည် နှစ်စဉ် ဒေါ်လာ ၃ ထရီလျံတန်ကြေးရှိ ပင်လယ်ကူးသင်္ဘော လမ်းကြောင်းများ တည်ရှိသည့် တောင်တရုတ်ပင်လယ်၏ နယ်နိမိတ်အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း ကြေညာထားပြီး ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဘရူနိုင်းတို့နှင့် နယ်နိမိတ် ပိုင်ဆိုင်မှု အငြင်းပွားလျက်ရှိသည်။

Source: ဘန်ကောက်ပို့စ်