CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂ 

လာမည့် နိုဝင်ဘာလတွင် နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်နိုင်ငံသို့ သွားရောက် ရန်ရှိသည့်အတွက် ထိုခရီးစဉ်က စစ်ရေးနှင့် စီးပွားရေးမှာ ဘယ်လိုအပြောင်းအလဲများ ဖြစ်လာနိုင်သလဲ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား သုံးသပ်လျက်ရှိသည်။

အဆိုပါ ခရီးစဥ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သြဂုတ်လ ကတည်းကပင် စီစဥ်ထားခဲ့ကြောင်း သိရသည်။

နစကဥက္ကဌ သွားရောက်မည့် တရုတ်ခရီးစဥ်သည် နှစ်ဦးပူးပေါင်းလုပ်ဆောင်ရမည့် အကျိုးစီးပွားများ ရှိသောကြောင့် အခွင့်အလမ်းများ ပိုရလာနိုင်သလို စစ်ရေးအရလည်း အားကောင်လာနိုင်ကြောင်း သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နှစ်ဦးပူးပေါင်းပြီး လုပ်ဆောင်ရမယ့် အကျိုးစီးပွားအများကြီး ရှိတဲ့အတွက်ကြောင့် အခုလိုမျိုး တရားဝင်သွားရောက်တဲ့ ခရီးစဥ်မျိုး ဖြစ်လာတော့ကျ ဒီထက်မက ပိုနိုင်တဲ့ အခွင့်အလမ်းမျိုးပေါ့၊ အဲတာ တွေအတွက် တော်တော်လေး သေချာပါတယ်။ စစ်ရေးအရ ပြောမယ်ဆိုရင်တော့ ပွင့်ပွင့်လင်းလင်း‌ ပြော မယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ တပ်မတော်တစ်ရပ်ဟာ ကိုယ့်နိုင်ငံအတွက်ကတော့ အမြဲတမ်း ဒီအင်အားစုက တည်ဆောက်ထားရတာ ထုံးစံပဲ။ အဲဒီ အင်အားစုမှာ ခုနပြောသလို နိုင်ငံတကာ ဆက်ဆံရေးနဲ့ ဒေသ တွင်း ဆက်ဆံရေး ဒါတွေကပိုပြီးတော့ အထောက်အကူ ပြုစေတယ်၊ ဒါကလည်း အချို့အချက်ပေါ့။ ဒါပေမယ့် သိထားဖို့ လိုအပ်တာက ကျနော်တို့ ကိုယ်တိုင်ရဲ့ လုပ်ဆောင်နိုင်စွမ်းက အဓိက အရေးကြီး တယ်။ အဲဒီလုပ်ဆောင်နိုင်စွမ်းပေါ်မှာ မူတည်ပြီးတော့ ပြင်ပမိတ်ဆွေတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အလုပ်လုပ်ရတဲ့ အပိုင်းကျတော့ ဒုတိယအပိုင်းလာတာ။ အဲ့တော့ အင်အားကောင်းမှုဆိုတာတော့ ရလာ နိုင်တယ်၊ ဒါပေမယ့် အဲဒီအင်အားကောင်းမှုကို မြန်မာကိုယ်တိုင်က ဘယ်လောက်ထိ အကျိုးရှိအောင် အသုံးချနိုင်လဲ၊ ဒါက အဓိကကျတဲ့ အချက်ဖြစ်လာပြီပေါ့”ဟု ပြောသည်။

သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ကို တွေ့ရစဥ်

မြန်မာနှင့် တရုတ်သည် နယ်စပ်ပိုင်းဆိုင်ရာတွင် ကုန်သွယ်ရေးအရ ပူးပေါင်းဆောင်ရွက်မှု များစွာရှိ၍ ပြည်တွင်းပဋိပက္ခများကြောင့် ပိတ်ထားရသည့် နယ်စပ်ကုန်သွယ်‌ရေး ကိစ္စရပ်များလည်း ဆွေးနွေးနိုင် ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ်ကြသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယခုခရီးစဥ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နိုင်ငံရေး အပြောင်းအလဲနောက်ပိုင်း တရုတ်နိုင်ငံသို့ ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်သည်။

သို့သော် ၂၀၂၄ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လများကတော့ သမ္မတ ဦးသိန်းစိန်(ငြိမ်း)၊ နစကဒုဉက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သေးသည်။

စစ်ရေး အလှည့်အပြောင်းများ ထူးထူးခြားခြား ဖြစ်လာနိုင်ခြင်းမရှိဘဲ စီးပွားရေး အလှည့်အပြောင်းများ သာ ဖြစ်လာနိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်ကို တွေ့ရစဥ်

၎င်းက “စစ်ရေး အလှည့်အပြောင်း ဆိုတာကတော့ သိပ်ပြီး‌တော့ ထူးထူးခြားခြားတော့ ရှိမလာနိုင်ပါဘူး။ ဒါပေမယ့် စီးပွားရေး အလှည့်အပြောင်းတွေတော့ ဖြစ်လာနိုင်ပါတယ်။ စီးပွားရေး အလှည့်အပြောင်း ဆိုတာ ခုမကြာခင် အမေရိကန်ဒေါ်လာ သန်း ၃၀၀၀ ချေးငှားမယ်လို့ တယူသန် ယူဆနေပါတယ်။ အဲတာဆိုရင် စစ်ကောင်စီနဲ့ ပြိုကျနေတဲ့ သူ့စီးပွားရေးကို ကျားကန်ဖို့အတွက် အခွင့်အ‌ရေး ရသွားနိုင်တဲ့ အနေအထားရှိပါတယ်။ သူ့ရဲ့ ပုံရိပ်လည်း ကောင်းနိုင်တယ်ပေါ့ဗျာ။ စစ်ရေးအရတော့ တိုက်ရိုက် ဆက်သွယ်ဖို့ အကြောင်းအချက် နည်းပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ သူထိန်းချုပ်ထားတဲ့ အင်အားစု တွေကို ဒီစစ်ပွဲထဲမှာ မပါသွားအောင် တားဆီးတာတို့၊ နောက်ပြီးတော့ လက်နက်စီးဆင်းမှု ကန့်သတ်တာ တို့ ဒါတွေတော့ လုပ်လာနိုင်ပါတယ်။ အဲတော့ စစ်ရေး၊ စီးပွားရေး အပြောင်းအလဲတွေ အနည်းအကျဥ်း တော့ ဖြစ်ထွန်းလာနိုင်တဲ့ အကြောင်းတွေရှိပါတယ်”ဟု ပြောသည်။

နစကဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြည်ပခရီးစဉ် အနေဖြင့် ရုရှားနိုင်ငံအား (၃)ကြိမ်  သွားရောက်ထားပြီး ၂၀၂၂ ခုနှစ်က ခရီးစဉ်မှာတော့ ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ ခရီးစဥ်သည် ဒုတိယမြောက် အဓိက မဟာမိတ်အင်အားကြီး နိုင်ငံတစ်ခုသို့ သွားရောက်မည့် ခရီးစဥ်တစ်ခုဖြစ်လာရန် ရှိနေသည်။