CNI News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၂

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဟု တင်စားလေ့ရှိသော မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးကို အမည်အသိ လူတချို့က အောက်တိုဘာ ၁၈ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်တွင် တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် လူထိခိုက်သေဆုံးမှုမရှိဘဲ ရုံးဆောင်အချို့ ပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး Bloomberg သတင်းဌာနက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကို မေးမြန်းစဉ် အလွန်တုန်လှုပ်မိ၍ ပြင်းထွန်စွာရှုတ်ချကြောင်း ပြန်လည် ဖြေကြားခဲ့သည်။

၎င်းက “တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေး ပေါ် တုန့်ပြန်မှုယန္တရားကို လျင်မြန်စွာစတင်ခဲ့ပြီး လျင်မြန်စွာ တုန့်ပြန်လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်သို့ လေးနက်စွာ အရေးဆိုခဲ့ပြီး မြန်မာဘက်က တိုက်ခိုက်မှုကိစ္စရပ်ကို သေချာစုံစမ်းစစ်ဆေး၍ လုပ်ဆောင်သူကို အစွမ်းကုန် ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် တိုက်တွန်း ထားပြီးဖြစ်သည်”ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ်

အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့်ဝန်ထမ်းများ၏ လုံခြုံရေးအပေါ် ဘက်စုံမြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထား ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

၎င်းက “ မြန်မာဘက်ကလည်း အဆိုပါကိစ္စရပ်အပေါ် အလွန်တုန်လှုပ်ဝမ်းနည်းဖြစ်ရပြီး လိုအပ်သော အစီအမံများ ကို လုပ်ဆောင်ပြီး ဖြစ်ပါသည်။ မြန်မာဘက်က ကတိကဝတ်နှင့် နိုင်ငံတကာ တရားဥပဒေ တာဝန်ဝတ္တရားများကို ထမ်းဆောင်ပြီး မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်များ၏ လုံခြုံရေးအဓိကတာဝန်ကို လက်တွေ့ ကျကျ တာဝန်ယူသွားမည်ဖြစ်သည်”ဟု ပြောသည်။

ထို့နောက် မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး မကြာသေးမီက လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီး ဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဒေသတွင်း လုံခြုံရေးအခြေအနေကို ဆက်လက် ဂရုပြုကြ၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်၍ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင် ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်က မန္တလေး တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ကို တွေ့ရစဉ် (ဓာတ်ပုံ- CJ)

တရုတ်နိုင်ငံသည် မြန်မာ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နေသည်ဟုဆိုကာ မြန်မာ့တပ်မတော်နှင့် နစကကို ဖြုတ်ချရေး နွေဦးတော်လှန်ရေး ဆင်နွှဲနေသော အတိုက်အခံအင်အားစုများက အလံများ မီးရှို့ခြင်းနှင့် တရုတ်နိုင်ငံ ခေါင်းဆောင်များ၏ ရုပ်ပုံများကို နင်းခြေခြင်းဖြင့် ကန့်ကွက်မှုများ ပြုလုပ်လျက်ရှိနေသည်။

အလားတူ မြန်မာနိုင်ငံရှိ အမျိုးသားရေး အင်အားစုများကလည်း မြန်မာ့တပ်မတော်၏ စစ်စခန်းများနှင့် မြို့များ သိမ်းပိုက်ရေး တိုက်ခိုက်နေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့(MNDAA-AA-TNLA)တို့ကို နောက်ကွယ်က ထောက်ပံ့ ပေးနေသည်ဟုဆိုကာ ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်မှုများရှိခဲ့သည်။

တချို့သော နွေဦးတော်လှန်ရေး အင်အားစု လက်နက်ကိုင်များက တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်းရှိ အမျိုးသား အကျိုးစီးပွားများကို တိုက်ခိုက်ဖျက်ဆီးမည်ဟု ထုတ်ပြန်မှုများရှိသည့်အတွက် MNDAA-AA-TNLA တို့က တရုတ် နိုင်ငံ၏ စီမံကိန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ အပါအဝင် လူပုဂ္ဂိုလ်များ၊ ကုမ္ပဏီများကို ထိခိုက်သူအား ထိရောက်စွာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားကြသည်။