CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ 

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်၊ မန်ကျည်းကုန်းကျေးရွာ ရှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့မှာ လူငယ်တစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) တို့မှ ဖမ်းဆီးပြီး နမူနာ ဟုဆိုကာ ဓါတ်ဆီလောင်း မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၂၉ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က မန်ကျည်းကုန်းကျေးရွာမှ လူငယ် ၅ ဦးကို မင်းကုန်းသို့ ဖမ်းဆီးသွား ပြီး ယခင် အုပ်ချုပ်ရေးမှူးရုံး ယခု KIA၊ PDF ဆေးခန်းအဖြစ် အသုံးပြုနေသည့်ရှေ့တွင် ယနေ့ (မတ်လ ၃၁ ရက်) မွန်းလွဲ ၁ နာရီခန့်က အများပြည်သူရှေ့မှာ သတ်ဖြတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ဒေသခံတစ်ဦးက “လူငယ် ၅ ဦးကို ဖမ်းသွားတာ၊ ယောင်္ကျားလေး ၃ ဦးနဲ့ မိန်းကလေး ၂ ဦး ဖမ်းသွားတာ၊ ယောင်္ကျားလေး ၁ ဦးကို နမူနာအနေနဲ့ မင်းကုန်း အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ ဓါတ်ဆီလောင်း မီးရှို့သတ်လိုက်တာ” ဟု ပြောသည်။

ထို့အတူ KIA၊ PDF မှ ဖမ်းဆီးသွားသည့် လူငယ် ၅ ဦးအနက် မိန်းကလေး ၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်း သိရှိရသည်။

အဆိုပါ ရှမ်းနီစာယဉ် လူငယ်တစ်ဦးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုနှင့် ပတ်သက်၍ အကြောင်းစုံ သိရှိနိုင် ရေး KIA၊ PDF ထံ CNI က ဆက်သွယ်နေဆဲ ဖြစ်သည်။

KIA၊ PDF တို့မှ မန်ကျည်းကုန်း ကျေးရွာနှင့် မင်းကုန်းကျေးရွာတွင် စခန်းချ နေထိုင်ပြီး မန်ကျည်းကုန်းရွာသားများ ကို ဘုန်းကြီးကျောင်းအတွင်း နေရာချထားကြောင်း၊ ၎င်းတို့ ထိခိုက်နစ်နာမှုအတွက် ကြွက်မနိုင် ကျီမီးရှို့သည့် လုပ်ရပ်ဖြစ်ကြောင်း ဒေသခံ ဆေကောင်းဖက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပြောရမယ်ဆိုရင် SNA အဖွဲ့နဲ့လည်း ဘာမှ မပတ်သက်ဘူး။ စာပေယဉ်ကျေးမှုကိုပဲ လုပ်ကြတဲ့ လူငယ်တွေ ဖြစ်တယ်၊ သူတို့ (KIA၊ PDF) အနေနဲ့ တချို့အပိုင်းတွေမှာ ထိခိုက်နစ်နာတာတွေ SNA နဲ့ ဖြစ်တဲ့တိုက်ပွဲတွေမှာ ထိခိုက် နစ်နာတာတွေ ရှိတဲ့ အခါကြတော့ အဲဒါက ကျနော်ထင်တယ် ကြွက်မနိုင် ကျီမီးရှို့တာလို့ပဲ ကျနော်တော့ ယူဆတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ အတွင်းကလည်း မန်စီ(ဗန်းမောက်မြို့နယ်)တွင် KIA၊ PDF မှ စစ်ရှုံးသည့် အချိန် နောင်ပတ် ဆရာတော်ကို ဖမ်းဆီးသတ်ဖြတ်မှု ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း ၎င်းက ပြောသည်။

၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၉ ရက်က ဗန်းမောက်မြို့နယ် မံကပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ရှမ်းနီစာပေ သင်ကြားရေးနှင့်ပတ်သက်၍ ရောက်ရှိစဉ် စိုင်းကျန်အောင်(ခ)စိုင်းဆေလိုင်းအား KIA၊ PDF က ဖမ်းဆီးသွားခဲ့ သည်။

ထို့နောက် ဇွန်လ ၂၃ ရက်တွင် ပြန်လွှတ်လာခဲ့သည်။

လက်ရှိတွင် ဗန်းမောက်မြို့နယ်အတွင်းမှာ KIA-PDF ပူးပေါင်းတပ်ဖွဲ့နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ ဖြစ် ပွားလျက်ရှိနေသည်။