CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

အုပ်စုအကျိုးစီးပွားများအပေါ်မှာပဲ ကျောက်ချနေမည်ဆိုပါက မိမိတို့ နွေဦးတော်လှန်ရေးသည် သေးငယ်ပြီး ကျုံ့ဝင်သွားလိမ့်မည်ဖြစ်သလို အားကောင်းသည့် လူထုတော်လှန်ရေးဖြစ်တော့မှာ မဟုတ်ကြေင်း အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

NUG ၏ ယနေ့ (အောက်တိုဘာ ၁၉ ရက်)ကျင်းပသည့် အစည်းအဝေးတွင် ၎င်းက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒူဝါလရှီးလက “ ကျနော်တို့ရဲ့ တော်လှန်ရေး စိတ်ဆန္ဒတွေဟာ ဂိုဏ်းဂဏဝါဒကို ရှောင်ပြီးတော့ ပုဂ္ဂိုလ်ရေး အစွဲတွေကို ကျော်နိုင်ဖို့ လိုပါလိမ့်မယ်။ မဟာမိတ် ဆက်ဆံရေးမှာ ရေတိုအကျိုးစီးပွားရေးတွေကိုပဲ ကြည့်ပြီး လုပ်ဆောင်တာမျိုးကိုလည်း ရှောင်ကြဉ်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အုပ်စု အကျိုးစီးပွားတွေ အပေါ်မှာပဲ ကျောက်ချနေမယ်ဆိုရင် ကျနော်တို့ နွေဦးတော်လှန်ရေးဟာ သေးငယ်ပြီး ကျုံ့ဝင်သွားပါလိမ့်မယ်။ ကြီးမား ကျယ်ပြန့်ပြီး အားကောင်းတဲ့ လူထုတော်လှန်ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဒါကို သတိချပ်ပြီးတော့ အမြော် အမြင်ရှိရှိ၊ သဘောထားကြီးကြီး၊ အမြင်ကျယ်ကျယ်နဲ့ မဟာမိတ် ဆက်ဆံရေး တပ်ပေါင်းစုကို အင်အားကြီး အောင် စုဖွဲ့တည်ဆောက်ကြဖို့ ကျနော့်အနေနဲ့ တိုက်တွန်းလိုပါတယ်”ဟု ပြောသည်။

NUG အစည်းအဝေး လုပ်နေစဉ်

ထို့နောက် မဟာမိတ် ဆက်ဆံရေးကို တည်ဆောက်သည့် အခါမှာ သဘောထားအမြင် ကျဉ်းမြောင်းစွာ ချည်း ကပ် လုပ်ဆောင်ရန် မသင့်ကြောင်း ၎င်းက ပြောသည်။

ဒူဝါလရှီးလက “ ဒီနေ့ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေးမှာ အဓိက ပြောချင်တာကတော့ မဟာမိတ် ဆက်ဆံရေးကိစ္စဖြစ်ပါတယ်။ မြန်မာ့ နွေဦးတော်လှန်ရေးဟာ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့နဲ့ ဦးတည်ချီတက်နေကြတာ မဟုတ်ဘဲ အားလုံးပါဝင်မှုဆိုတဲ့ မူကိုကိုင်ပြီး ချီတက်နေကြတာကိုလည်း အားလုံး အသိပင် ဖြစ်ပါတယ်။ အားလုံး ပါဝင်ရေးမူကို ဆွဲကိုင်ပြီးတော့ နွေဦးတော်လှန်ရေးရဲ့ စစ်ရေးတပ်ပေါင်းစု မဟာမိတ် ်ဆက်ထုံးကို ခိုင်မြဲအောင် စုစုစည်းစည်း ညီညီညွတ်ညွတ် လုပ်ကြရမယ်လို့ ယူဆပါတယ်။ တစ်ဖက် မှာလည်း စစ်ရေး ပူးပေါင်း မဟာမိတ် လှုပ်ရှားမှုတွေကို လက်တွေ့ကျကျ လုပ်ကြရမယ်”ဟု ပြောသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တားဘုန်း ကျော်ကလည်း NUG သည် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အဖွဲ့အစည်းများအပေါ် မဟာမိတ်ဆက်ဆံ ရေး ချည်းကပ်မှုမှာ အားနည်းနေကြောင်း မြန်မာနောင်းနှင့် အင်တာဗျူးတစ်ခုတွင် ပြောသည်။