CNI News

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က တရားဥပဒေစိုးမိုးရေးကနေ ပြည်သူလူထု၏ ယုံကြည်မှုရဖို့ မြို့နယ်တရားရုံး ဖွင့်ခြင်းဖြစ်နိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က CNI သတင်းဌာနသို့ ပြောသည်။

အဆိုပါ တရားရုံးကို လွတ်မြောက်နယ်မြေတွင် ဖွင့်ခြင်းဖြစ်ကြောင်း၊ ပျက်စီးနေသည့် တရားစီရင်ရေးများကို ပြန်လည် ကုစားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

 ကသာမြို့နယ်မှာ NUG က မြို့နယ် တရားရုံးဖွင့်လိုက်တယ်ဆိုတဲ့ အဆောက်အဦကိုတွေ့ရစဉ်

ဦးကြီးမြင့်က “တစ်ခုရှိတာပေါ့၊ ကသာမြို့နယ် တရားရုံးကတော့ ကသာမြို့ပေါ်မှာ အရင်အတိုင်း ဆက်ရှိနေမှာပေါ့၊ ဒီဖက်က ကသာမြို့နယ် တရားရုံးကလည်း ပြည်သူတွေကြားထဲမှာ လွတ်မြောက်နယ်မြေတွေမှာ ဖွင့်တာပေါ့၊ အခု ဆိုရင် တရားမမှုတွေတောင် စီရင်နေပြီ။ ပြစ်မှုတွေ မကဘူး။ အထူးသဖြင့် မူးယစ်ဆေးမှုတွေ များတယ်လို့ ပြော တယ်၊ အဲဒါမျိုးတွေ စီရင်နေပြီဆိုတော့ တရားဥပဒေစိုးမိုးရေးအတွက် ပြည်သူကြားမှာ ပိုပြီး‌တော့ စိတ်ချလာ အောင်၊ ယုံကြည်လာအောင် လုပ်တဲ့ သဘောလည်း ဖြစ်တယ်၊ အဲဒီလိုမှ မလုပ်ရင် တိုင်းပြည်က ပျက်ပြီ။ လက်ရှိ တရားစီရင်ရေး၊ စစ်အာဏာရှင်‌အောက်က တရားစီရင်ရေးတာ ဆက်သွားနေရင် တိုင်းပြည်က အဖတ်ဆယ် မရ တော့ဘူး။ အဲဒါကို ပြန်ကုစားတာပေါ့၊ အဲဒီတော့ သူတို့က ဘယ်လိုလုပ်မလဲဆိုရင် သူတို့ တပ်တွေနဲ့ လာမယ်၊ သူတို့လည်း အကြာကြီး မနေနိုင်ပါဘူး။ သူတို့မှာ၊ အဲဒီတော့ သူတို့ တပ်တွေ လာတဲ့အချိန်မှာ ခဏရုပ်သိမ်း အဲဒီ တရားရုံးကို ခဏ ဘေးဖယ်ထားပြီး သူတို့တပ်တွေ ပြန်သွားတဲ့အခါ ပြန်ဖွင့်ပေါ့၊ အဲဒီလိုပဲ လုပ်နေရတယ်လို့ သဘောပေါက် နားလည်တယ်လေ” ဟု CNI သတင်းဌာနသို့ ပြောသည်။

NUG ၏ မူဝါဒအရ PDF များ နယ်မြေစိုးမိုးထားနိုင်သည့် ဒေသများတွင် အုပ်ချုပ်ရေး၊ တရားရေး၊ ကျန်းမာရေး၊ ပညာရေး စသည့် အခန်းကဏ္ဍများကို ဖော်ဆောင်သွားရန်နှင့် ဒေသခံများ၏ အကျိုးစီးပွားနှင့် သက်ဆိုင်သည့် အမှုများကို ကိုင်တွယ်ဖြေရှင်းသွားရန် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ကသာ PDF ၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက RFA သတင်းဌာနသို့ ပြောကြားထားသည်။

အဆိုပါ တရားရုံး ဖွင့်လှစ်ခြင်းကို လူမှုကွန်ယက်တွင် တွေ့ရကြောင်း၊ NUG ၏ မြို့နယ်တရားရုံးကို ကသာမြို့နယ် အတွင်းက PDF များ လှုပ်ရှား‌ရာ ကျေးရွာများ၌ ဖွင့်လှစ်ခြင်း ဖြစ်နိုင်ကြောင်း ကသာမြို့ခံတစ်ဦးက CNI သတင်း ဌာနသို့ ပြောသည်။

ကသာမြို့နယ် အ၀င်ကိုတွေ့ရစဉ်

၎င်းက “အဲဒါတွေနဲ့ ပတ်သက်လို့ကတော့ ကျနော်လည်း ဒီမှာပဲ နေနေရတာဆိုတော့ ဘယ်မှ မသွားရဘူးဆိုတော့ အပြင်လည်း မထွက်ရဘူး။ ဘယ်မှ မသွားရဘူးဆိုတော့ ကျနော်လည်း အဲဒါကြောင့်မို့ မသိလိုက်ဘူး။ လောလော ဆယ်က ကျနော်တို့ နေတဲ့ ဒီဖက်မှာကတော့ အေးချမ်းတယ်၊ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ရွာဖက်မှာတွေတော့ ဖြစ်နေ တာပဲ။ မြို့ထဲမှာ ဘာမှမဖြစ်ဘူး။ ကျနော်က မြို့ထဲမှာ နေနေတာဆိုတော့ မြို့ထဲကနေ အပြင်မှ မထွက်ရဘူးဆိုမှ၊ နယ်မှာကတော့ အစ်ကိုပြောတဲ့ NUG တွေ အဲဒီလိုမျိုးတွေ လုပ်ကြတာပေါ့။ အဲဒါနဲ့ ပြိုင်ဖက်ရင်း လုပ်နေကြတာ ပါ့။ ကျနော်လည်း အတိအကျကြီး ပြောလို့မရဘူး။ မြို့နယ်ဖက်မှာဖြစ်တာ ကြားရတာ အဲဒီလောက်ပါပဲ” ဟု ပြောသည်။

လက်ရှိတွင် အမျိုးသားညီညွတ်‌ရေးအစိုးရ (NUG)၏ လက်အောက်တွင် အချုပ်ခန်းများ၊ ထောင်များကို စတင် ဖွင့် လှစ်နေပြီ ဖြစ်ကြောင်း၊ အချုပ်ခန်း ၁၀၀ နီးပါး ဖွင့်လှစ်ထားကြောင်း ဦးကြီးမြင့်က ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် တပ်မတော်မှ NLD အစိုးရကို ဖြုတ်ချခဲ့ပြီးနောက်ပိုင်း ကသာမြို့နယ်တွင် မြန်မာ့ တပ်မတော်နှင့် PDF၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။