CNI News 

၂၀၂၅ ခုနှစ်၊ မေလ ၂၂

နိုင်ငံတော်ပြိုကွဲစေရေး အကြံအစည်းများနှင့် ဒေသတွင်း မြန်မာကို တည်ကြက်ထားပြီး ၎င်းတို့ ထိန်းချုပ်လိုသည့် နိုင်ငံများကို ထိန်းချုပ်လိုသော အကြံအစည်များအား အကောင်အထည်ဖော်နေသည်ကို နိုင်ငံသားများအားလုံး သတိထားရန်လိုသည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၅ ခုနှစ်၊ မေလ ၂၁ ရက်က ကျင်းပသည့် အခြေခံနှင့်တန်းမြင့် ရေကြောင်း၊ လေကြောင်း လူငယ်သင်တန်းဆင်း သင်တန်းသူ/သားများဖြင့် တွေ့ဆုံစဉ် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးချိန်ကတည်းက မတည်ငြိမ်အောင် လုပ်ဆောင်ခဲ့သည့် အင်အားစုများနှင့် ၎င်းတို့၏ အဆက်အနွယ်များက အဆိုပါကိစ္စကို နှပ်ကြောင်းပေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ အချိန်မရွေး ဝင်ရောက်စွပ် ဖက်၍ ကောင်းစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

၎င်းက “အဖျက်သမားများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေက ထိန်းသိမ်းထားသည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဟန် ချက်ညီမှု၊ လူမှုစီးပွားဘဝ ဟန်ချက်ညီမှုများကို သိရှိကြကြောင်း၊ အဆိုပါ ဟန်ချက်ညီမှုများကို ဖျက်ဆီးနိုင်မှသာ ၎င်းတို့၏ ယုတ်မာသည့် နိုင်ငံတော်ပြိုကွဲစေရေးအကြံအစည်များနှင့် ဒေသတွင်း မြန်မာကို တည်ကြက်ထားပြီး ၎င်းတို့ ထိန်းချုပ်လိုသည့် နိုင်ငံများကို ထိန်းချုပ်လိုသည့် အကြံအစည်များအား အကောင်အထည်ဖော်နိုင်မည်ကို သိရှိကြကြောင်း၊ ယင်းကို ၎င်းတို့ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြသည်ကို မိမိတို့ နိုင်ငံသားများ အားလုံးက သိရှိသတိရှိကြရမည်”ဟု ပြောသည်။

နစကဥက္ကဋ္ဌ၊ တရုတ်သမ္မတရှီနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

နစကဥက္ကဋ္ဌသည် ဘယ်နိုင်ငံက ဘယ်နိုင်ငံကို ထိန်းချုပ်ဖို့အတွက် ကြံစည်နေသည်ကိုတော့ တိတိကျကျ ပြော ကြားခဲ့ခြင်း မရှိပေ။

တရုတ်နှင့် အမေရိကန်သည် မြန်မာနိုင်ငံတွင် ၎င်းတို့ ဩဇာလွှမ်းမိုးနိုင်သော အဖွဲ့အစည်းများကို အသုံးချ၍ အပြန် အလှန် ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြသည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံကို ခေါင်းဆောင်ကောင်းကောင်းနှင့် မူဝါဒ ကောင်းကောင်း ကျင့်သုံး၍ တည်ဆောက်မည်ဆိုလျှင် တိုးတက်သည့်နိုင်ငံဖြစ်လာနိုင်သည်ဟု တိုင်းလိုင် (ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

တရုတ်သမ္မတရှီ၊ ရုရှားသမ္မတပူတင်၊ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ကို တွေ့ရစဉ်

၎င်းက “ကျနော်ပြောတဲ့ အမေရိကန် ဟိုတုန်းကဆက်ဆံရေးမှာ အဲ့ဒီဆက်ဆံရေးတွေရှိခဲ့ကြတယ်ဆိုတာ သူပြန်ကောက်တဲ့အခါကြတော့ ရန်သူမဟုတ်ဘူးဆိုတဲ့အကြောင်းကို အဲ့တာကိုထုပ်ဖော်ချင်တဲ့သဘောလေး တွေပေါ့နောက်ပြီးတော့လည်း တရုတ်က ၁၉၄၉ မှာ မော်စီတုန်း အာဏာသိမ်းလိုက်တဲ့အခါမှာ ကမ္ဘာက အသိအမှတ် မပြုသေးတဲ့ အချိန်မှာ မြန်မာက ပထမဦးဆုံး သူတို့ကို အသိအမှတ် ပြုပေးတာပါ။ မြန်မာက အဲတုန်းက ဦးနု အစိုးရလက်ထက်ပေါ့။ အခုမြန်မာက ဘန်ဒေါင်းမူ ၅ ချက် ထွက်လာတယ်။ အခုဥစ္စာလည်း အဲဒီအချိန်တုန်းက ဘန်ဒေါင်းညီလာခံကို တရုတ်ကို မဖိတ်ဘူး။  အခုမြန်မာနိုင်ငံလိုပေါ့ဗျာ အာဏာသိမ်းကြတယ်ဆိုတော့ နိုင်ငံတကာ ကနေပြီးတော့မှ ဝိုင်းပယ်တဲ့အချိန်မှာ ဒီမြန်မာနိုင်ငံက ဦးနုကနေမှ တရုတ်ကို မဖိတ်ဘူးဆို ငါလည်းမတက်ဘူးဆို ပြောတဲ့အခါကျ အဲဒီတုန်းက ဦးနုက နိုင်ငံရေးသြဇာ ကမ္ဘာမှာ တော်တော်ရှိတယ်လေ။ ရှိတဲ့အခါကျတော့ တရုတ်ကို မဖြစ်မနေ ဖိတ်ရတဲ့ကိစွတွေ ရှိလာတယ်ပေါ့။ အဲဒါကြောင့်မို့လည်း တရုတ်က ကျေးဇူးတွေ သိပြီးတော့မှ မြန်မာကို ပြဿနာ ဖြစ်အောင် မလုပ်ဘဲနဲ့ မြန်မာပြည်ကို တိုးတက်အောင် ဘယ်လိုသွားမလဲဆိုတာ စဥ်းစားစေချင်တယ်။ အခု ဦးမင်းအောင်လှိုင် ပြောလိုက်တဲ့ဟာက အားလုံးကို နိုင်ငံတကာနဲ့ ချစ်ချစ်ခင်ခင်နဲ့ နေသွားချင်တယ်ဆိုတဲ့ သဘောမျိုး ပြောတယ်လို့ ကျနော့်အနေနဲ့ မြင်ပါတယ်”ဟု ပြောသည်။ 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ လူငယ်တွေကိုတွေ့ရစဉ်

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကကဲ့သို့ သမိုင်းတွင် ရုပ်ဆိုးအကျည်းတန်သည့် အဖြစ်မျိုးများ၊ ရွေးကောက် ပွဲမတိုင်မီ ကာလအတွင်း ဒီမီုကရေစီအမည်ခံ ဥပဒေလုပ်ဆောင်မှုများ၊ အာဏာရှင်ဆန်ဆန် လုပ်ဆောင်မှုများ၊ တိုင်းပြည်စည်းလုံးညီညွတ်မှု၊ ဟန်ချက်ညီ ရပ်တန့်မှုများ ပြည်ကွဲမည့်အဖြစ်များ ထပ်မံ မဖြစ်ပေါ်စေရေး လုပ် ဆောင်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။

မြန်မာနိုင်ငံသည် အမေရိကန်နှင့် မိတ်ဆွေနိုင်ငံတစ်ခုဖြစ်ကာ တရုတ်သည် အိမ်နီးချင်းဖြစ်သကဲ့သို့ မဟာဗျူဟာ‌ မြောက် မိတ်ဖက်၊ ဆွေးမျိုးပေါက်ဖော် နိုင်ငံဖြစ်ကြောင်း၊ ထိုနှစ်နိုင်ငံလုံးနှင့်ပတ်သက်၍ အကောင်းဆုံး ဖြစ်အောင် ထိတွေ့ဆက်ဆံသွားရန် ရှိကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အင်အားကြီးနိုင်ငံများဖြစ်သည့် ရုရှား၊ တရုတ်၊ အမေရိကန်၊ အိန္ဒိယတို့က စီးပွားရေးနှင့် နိုင်ငံရေးကဏ္ဍာများ၌ အပြိုင်အဆိုင် ကြိုးပမ်းနေကြသည်။