CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂၉

အစိုးရ ရုံးစိုက်ရာ နေပြည်တော်နှင့် နီးကပ်နေသည့် ရှမ်း-ကယား(ကရင်နီ) နယ်စပ်က မိုးဗြဲ၊ ဖယ်ခုံမြို့နယ်တို့ကို ထိန်းချုပ်နိုင်ရေး မြန်မာ့တပ်မ‌တော်က ကြိုးစားနေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ မြန်မာ့တပ်မ‌တော်၏ တိုက်ခိုက်မှုများမှာ မိုးတွင်းကာလတွင် တိုက်ခိုက်မှု လျော့ကျနိုင်ကြောင်း၊ ထို့ကြောင့် လက်ရှိကာလမှာ စစ်ရေးလှုပ်ရှားမှုများ ပိုများပြားလာနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးသန်းစိုးနိုင်က “အခု ပွင့်လင်းရာသီ အတွင်းမှာ စစ်ကောင်စီအနေနဲ့ လေကြောင်း အင်အား အသုံးပြုပြီးတော့ တပ်တွေ ‌ရွှေ့ပြောင်းတာ စစ်ဆင်ရေးတွေ လုပ်တာ နောက်ပြီးတော့ ဗုံးကျဲတိုက်ခိုက်တာ စသည်အားဖြင့် ကိစ္စတွေ အတော်များများလုပ်နေ ဒါပေမဲ့ မိုးကျလာပြီဆိုရင်‌တော့ အဲဒီလုပ်ငန်းတွေ သိပ်ပြီးတော့ တွင်တော့မှာ မဟုတ်ပါ ဘူး။ ဒါကြောင့် သူတို့ရဲ့ မဟာဗျူဟာ စစ်ရေးအစီအစဉ်တွေ သူတို့က မိုးဦးကျတဲ့ ကာလမှာ စမယ်လို့ အဆိုရှိပါ တယ်။ အဲဒီအဆိုရှိတာနဲ့ တစ်ပြိုင်နက်ထဲ ကျနော်တို့ စစ်ကောင်စီဖက်ကလည်း သူ့ရဲ့ လုံခြုံရေးအရ ပြင်ဆင်မှုတွေ လှုပ်ရှားမှုတွေ တိုးလုပ်လာစရာရှိပါတယ်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲဆိုလို့ရှိရင် အရေးတကြီး ထိန်းချုပ်ရမယ့် အခြေအနေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသက ကယန်းတောင်တန်းကို ကျော်လွှားလိုက်လို့ရှိရင် ကျနော်တို့ ပေါင်းလောင်းမြစ်ကို ထိုးဆင်းပြီးတော့ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တဲ့ အနေအထားရှိတဲ့အတွက် အဲဒီဒေသတွေဟာ တခြားဒေသတွေထက် ပိုပြီး အရေးတကြီး ကာကွယ်ရမယ့် အနေအထားရှိတယ်လို့ ကျ‌နော် တော့ မြင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

ဒေါလျားခူရွာနဲ့ တနီးလာလဲတောင်ပေါ် တိုက်ပွဲကို တွေ့ရစဉ်(KNDF)

လက်ရှိ တိုက်ပွဲများ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်း-ကယားနယ်စပ် မိုးဗြဲ၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်တို့မှာ နေပြည်တော်နှင့် မိုင် ၁၀၀ ကျော် ဝန်းကျင် အကွာအဝေးတွင်သာ ရှိနေသည်။

လတ်တလော တိုက်ပွဲဖြစ်ပွားနေသော မိုးဗြဲ၊ ဖယ်ခုံ၊ ဒီမော့ဆိုမြို့နယ် အခြေအနေများနှင့် ပတ်သက်ပြီး နစကမှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။

လက်ရှိတွင် တပ်မတော်နှင့် ကရင်နီအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ တော်လှန်ရေး တပ်ပေါင်းစုတို့ အကြား ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေကြောင်း KNDF မှ ပြန်ကြားရေးတာဝန်ခံတစ်ဦးက CNI သတင်းဌာန သို့ ပြောသည်။

နေပြည်တော်က လွှတ်တော် အဆောက်အဦများကိုတွေ့ရစဉ်

၎င်းက “တိုက်ပွဲ အခြေအနေကတော့ ဒီမော့ဆိုဖက်မှာက ကျနော်တို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ထားတဲ့ အတိုင်းပဲပေါ့၊ တိုက်ပွဲက မေလ ၁၄ လောက်ကစပြီး ပြင်းထန်တာပေါ့နော်၊ အဓိက တနီးလာလဲ တောင်ကြောပေါ် ကနေပြီးမှ စစ်ကောင်စီက ဒေါလျားခူရွာပေါ့နော် တနီးလာလဲတောင်ကျော်ပြီးတော့ ဒေါလျားခူရွာ အကျော်က တောင်ကြောပေါ် ရောက်လာတယ်၊ အဲဒါကို ကျနော်တို့ တန်ပြန် တိုက်ခိုက်ခဲ့တာပေါ့နော်၊ ၉ ရက်လောက်ကြာ တယ်၊ တိုက်ပွဲက တော်တော်လေး ပြင်းထန်ခဲ့တယ်၊ ဖြစ်ပြီးမှ စစ်ကောင်စီက မူလတပ်စွဲထားတဲ့ တနီးလာလဲ တောင် ကြောပေါ် ပြန်ပြီးတော့ ဆုတ်ခွာသွားတယ်ပေါ့နော်၊ အဲဒါကြောင့်မို့လို့ တိုက်ပွဲပြင်းထန်သွားတယ်၊ ဒီမော့ဆို အရှေ့ ဖက်ခြမ်းမှာပေါ့၊ ဒီမော့ဆိုမြို့နယ်ထဲမှာတော့ အခုကျနော်ပြောတဲ့ နေရာထဲမှာပဲ တိုက်ပွဲပြင်းထန် သွားတယ်ပေါ့ နော်၊ ဒီရက်ပိုင်းကတော့ နည်းနည်းလေး တိုက်ပွဲ ပြန်ငြိမ်တယ်ဗျ၊ ထိတွေ့မှုကတော့ အနည်းငယ်ပဲ ရှိတယ်၊ ပြော မယ်ဆိုရင် ကျိုကြားကျိုကြားပေါ့နော်၊ တိုက်ပွဲက ရှိတယ်ဗျ၊ အဓိက-က တိုက်ပွဲဖြစ်နေတာက ဒီရက် ပိုင်းထဲမှာက ဖယ်ခုံနဲ့ ပင်လောင်း နယ်စပ်မှာဖြစ်တဲ့ ‌တောင်စလုံးတို့ လွယ်လုံတို့ အဲဒီဖက်မှာ တိုက်ပွဲဖြစ်နေတာ ပေါ့နော်” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေး အခင်းအကျင်းအရ ကယား (ကရင်နီ) ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခ ကျယ်ကျယ်ပြန့်ပြန် ဖြစ်ပေါ်လာကာ နှစ်ဖက်ထိခိုက်ကျဆုံးမှု၊ အရပ်သားသေဆုံးမှု၊ နေအိမ်မီးလောင်မှု၊ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုများ ဖြစ်ပွားနေသည်။

လက်ရှိတွင်လည်း ကယား (ကရင်နီ)ပြည်နယ်အတွင်း တိုက်ပွဲရှောင် ၂ သိန်းကျော်ရှိလာကြောင်း သိရသည်။