CNI News
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၉
ကချင်ပြည်နယ်၊ မံစီမြို့အား ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ထိန်းချုပ်ပြီးနောက် မံစီလမ်းကြောင်းသည် ပြည်မဘက်သို့ ချီတက်လာနိုင်သည့် ကနဦးခြေလှမ်း ဖြစ်လာနိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
ကချင်ပြည်နယ်၊ မံစီမြို့တွင် မြန်မာ့တပ်မတော်၏ လက်ကျန်တပ်ရင်း ၃ ခုအား KIA-PDF ပူးပေါင်းတပ်များက ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၈ ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်၍ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပြည်မဘက်အား ချီတက်လာရန် လမ်းကြောင်း ၃ ခုရှိနေကြောင်း၊ အကယ်၍ မံစီဘက်မှ လမ်းကြောင်းတစ်ခု လာလျှင် ထိုလမ်းကြောင်းသည် ကနဦးခြေလှမ်း ဖြစ်နိုင်ကြောင်း ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သတင်းဌာနသို့ ပြောသည်။
KIA-PDF ကိုတွေ့ရစဉ်
၎င်းက “ခြုံကြည့်ရရင် ရှမ်းမန်း ပျောက်သွားတယ်၊ အဲဒီနောက်မှာ စုဖွဲ့မှုတွေနဲ့ ပြည်မဘက်ကို ချီတက်လာတဲ့ လမ်းကြောင်းလေး ၃ ခုလောက်တော့ မှန်းခဲ့ကြတာပေါ့၊ အဲတာက ရခိုင်ဘက်က လမ်းကြောင်းတစ်ခုရယ်၊ ကချင်ဘက်က လမ်းကြောင်းတစ်ခုရယ်၊ ရှမ်းမြောက်ဘက်က လမ်းကြောင်းတစ်ခုရယ်ပေါ့ဗျာ၊ ဒီလမ်းကြောင်း ၃ ခုနဲ့များ ရှမ်းမန်းဆိုတဲ့ ဥစ္စာလေးကို ခုနက ထိုးစစ်ကြီး ၃ ခုနဲ့များ ပြည်မဆိုတာ နေပြည်တော်ကြီး ချီတက်နေပြီ လား ဆိုတဲ့အယူဆပေါ့၊ ပြီးခဲ့တဲ့ Second wave ထဲက စဥ်းစားကြတာပေါ့၊ ဆိုတော့ တကယ်လို့များ မံစီဘက်က လမ်းကြောင်းတစ်ခုလာရင် အဲဒီဥစ္စာလေးက ကနဦး ခြေလှမ်းဖြစ်ဖို့များတယ်၊ မံစီ ဒီဘက်ထိုးစစ် ဘယ်လို ရည်မှန်း သလဲ၊ အဲဒီရည်မှန်းချက်ကို နစကဘက်က ဘယ်လိုတုန့်ပြန်မှာလဲ၊ ခုနပြောတဲ့ ထိုးစစ်ကြီး ၃ ခုလောက် နစက သည် ဘယ်လိုတုန့်ပြန်မှာလဲ၊ အဲဒီရဲ့ အကျိုးဆက်အနေနဲ့ တရုတ်ရဲ့ အကျိုး Interest ပေါ့ဗျာ၊ နောက် အိန္ဒိယရဲ့ Interest အဲဒီ Interest ၂ ခုပေါ်မှာ မြန်မာအစိုးရဘက်က ဘယ်လို အလေးအနက်ထားမလဲ၊ အဲဒီ Interest ၂ ခုပေါ် မှာ လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ဘယ်လိုတုန့်ပြန်သလဲ၊ အဲတာက မြန်မာ့နိုင်ငံရေးမှာ ကြီးကြီးမားမား ဒီနှစ်ဦးပိုင်းအနေနဲ့ သတိထားဖို့ လိုအပ်တဲ့ စိန်ခေါ်မှုလိုပဲလို့ သုံးသပ်လို့ရဝာာပေါ့” ဟု ပြောသည်။
KIA သည် မြေရှားသတ္တုထွက်သလို နယ်စပ်ကုန်သွယ်ရေးများရှိသည့် ကချင်အထူးဒေသ (၁) နယ်မြေ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီတို့ကို သိမ်းပိုက်ထားသလို တရုတ်၏ စီမံကိန်းဖော်ဆောင်ရန် လျာထားချက်မှာ ပါဝင်သည့် ဗန်းမော်မြို့ကိုလည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက် မှစပြီး ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိနေသည်။
ကချင်ပြည်နယ်၊ ဗန်းမော်နှင့် မံစီမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်နေချိန် တရုတ်အာဏာပိုင်များနှင့် KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်သည့်အဖွဲ့တို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က တရုတ်နိုင်ငံ၌ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသ အေးချမ်းရေးနှင့် တိုက်ပွဲဖော်ဆောင်မှုများ ရပ်တန့်ရေး ဆွေးနွေးခဲ့ကြသည်။
ထို့နောက် KIA က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှ စတင်ကာ ထိုးစစ်အရှိန်မြှင့်ခဲ့ပြီး ဇန်နဝါရီ ၈ ရက်တွင် ကချင်ပြည်နယ်၊ မံစီမြို့အား တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
ဗိုလ်ချုပ်ကြီး အင်ဘန်လကို တွေ့ရစဉ်
တရုတ်အနေဖြင့် KIA အပေါ်ပေးသော ဖိအားသည် ကိုးကန့်တပ် MNDAA တို့ကဲ့သို့ ဖိအားမဟုတ်ဘဲ
ဖိအားချင်း မတူသည့်အပြင် KIA တွင် အားသာချက်လည်းရှိကြောင်း မြန်မာ-တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တရုတ်က ခေါ်ဆွေးနွေးတာလည်း မှန်တယ်၊ တရုတ်ခေါ် ဆွေးနွေးပြီးတော့လည်း သူတို့ ဆက်တိုက်စရာ ရှိတာ တိုက်တာပဲလေ၊ ဒါကတော့ တရုတ်က ဖိအားပေးတယ် ဆိုတာက သူက အကြံပေးရုံပဲ ပေးတာဖြစ်တာကိုး၊ KIA က MNDAA တို့ ဘာတို့ထက်သာတယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ KIA အခုတလော သိမ်းလိုက်တဲ့ ဒေသတွေ အားလုံးက တရုတ်နယ်စပ်ပေါ်မှာ မေးတင်ထားတာလေ၊ အဲတော့ စစ်တပ်ဘက်က ဗုံးတွေဘာတွေ လာမကြဲနိုင် ဘူးဗျ၊ ဒါတောင် ဗန်းမော်တော့ တော်တော် စိစိညက်ညက်ကြေအောင် ကြဲထားပြီးပြီ၊ အဲတော့ KIA နဲ့ MNDAA တို့နဲ့ အခြေခံချင်းလည်း မတူဘူးဗျ၊ MNDAA တို့ဘာတို့ဆိုတာက အခြေခံကိုက တရုတ်တွေလေ ကိုးကန့်တရုတ် တွေ ဖြစ်တာကိုး၊ KIA က သူ့ဟာသူ သီးခြားလေ အစကတည်းက သူက ကချင်လူမျိုးကသပ်သပ် အဲတော့ ဖိအား ချင်းမတူဘူး၊ နေရာဒေသချင်း မတူဘူး၊ အခြေခံ အယူဆတွေ မတူဘူးပေါ့ဗျာ၊ ဒါတွေကွဲပြား ခြားနားမှုတွေရှိတယ်၊ နောက်တစ်ခုက KIA ရဲ့ အားသာချက် တစ်ခုကဒီလိုဗျ သူတို့နယ်စပ်နဲ့ တရုတ်ပြည်ဘက်က ကချင်ဒေသတွေနဲ့က ဆက်စပ်နေတယ်၊ တရုတ်ပြည်မမှာ ဂျိမ်းဖောလူမျိုးတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တွေ ရှိတယ်ဗျ၊ အဲတာတွေ သူက ဆွေမျိုးစပ်ပြီးတော့ သူတို့ကပိုပြီး သွက်သွက်လက်လက် လုပ်နိုင်တာပေါ့ဗျာ” ဟု ပြောသည်။
လက်ရှိတွင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စသည့်မြို့များအား KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။