CNI International News

အင်ဖာ၊ ဖေဖော်ဝါရီ ၁၀

အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ မဏိပူရ်ပြည်နယ်၏ တောင်ဘက်ခြမ်းဒေသများကို ဗဟိုနှင့်ပြည်နယ် လုံခြုံရေး တပ်ဖွဲ့များက ရှာဖွေမှုစစ်ဆင်ရေးများ ပြုလုပ်ခဲ့ရာတွင် ငွေစက္ကူအတုများ၊ စစ်ပွဲတွင်အသုံးပြုသည့် လက်နက်များ၊ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကို ရှာဖွေတွေ့ရှိခဲ့သည်ဟု Northeast Now မှ ဖော်ပြခဲ့သည်။

မဏိပူရ်ပြည်နယ်ရှိ ကူကီးလူမျိုးစုများ အများဆုံးနေထိုင်သည့် ချူရာချန်ပူရ (Churachandpur)ခရိုင်၏ ဒမ်ပီ (Dampi) ကျေးရွာရှိ စစ်သွေးကြွများ၏ စခန်းတစ်ခုကို မဏိပူရ်ပြည်နယ် ရဲတပ်ဖွဲ့နှင့် အာသံရိုင်ဖယ်တပ်ဖွဲ့တို့က ပူးပေါင်းရှာဖွေခဲ့ချိန်တွင် ၂၀၀ တန် ရင်းဂစ်ငွေစက္ကူ ခြောက်ရွက်ကို တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ထို့ပြင် မဏိပူရ်ပြည်နယ်၏ ကူကီးလူမျိုးစုများ ကြီးစိုးသည့် တန်နျူပယ်(Tengnoupal)ခရိုင်၏ ပီလိုင်ဂျန် (P Laijang) ကျေးရွာတွင် မိုရေး(Moreh) ရဲစခန်း၏ ညွှန်ကြားချက်ဖြင့် ထိုပူးပေါင်းတပ်ဖွဲ့က ရှာဖွေမှုများ ပြုလုပ်ခဲ့ သည်။

ထိုရှာဖွေမှု စစ်ဆင်ရေးများအတွင်း ၄၀ မမ လက်လုပ်ပိုက်သေနတ် အများအပြား၊ ပြည်တွင်းလုပ် လက်ပစ်ဗုံး ၅ လုံး၊ ပြောင်း ၂ ခုပါဝင်သည့် ၁၂ မမ သေနတ် ၂ လက်နှင့် ကျည်ဆန် ၃ တောင့်၊ ၉ မမ ပစ္စတိုတစ်လက်၊ PT 303 ရိုင်ဖယ်တစ်လက်၊ ၇ ဒသမ ၆၂ မမ ကျည်ဆန် ၂ တောင့်၊ ၆ ပေ အရှည်ရှိ လက်လုပ် တာဝေးပစ် မော်တာ တစ်လက်နှင့် မော်တာကျည် ၂ တောင့်၊ ရင်းဂစ် ၁၂၀၀ တန်ဖိုးရှိ ငွေစက္ကူအတုများ၊ ဖိနပ်တစ်စုံနှင့် အိတ်တစ်လုံး တို့ကို တွေ့ရှိခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

Source: Northeast Now