CNI International News

စင်္ကာပူ၊ ဇွန်လ ၅

တရုတ်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ (Li Shangfu)က အမေရိကန်နှင့် ထိပ်တိုက်တွေ့ဆုံမှုကို တွေ့ဆုံညှိနှိုင်းရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး နှစ်နိုင်ငံပဋိပက္ခဖြစ်ပွားခြင်းက ကမ္ဘာကြီးအတွက် ဆိုးရွားသော ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟု သတိပေးခဲ့ကြောင်း Al Jazeera သတင်းမှ ဖော်ပြခဲ့သည်။

Shangri-La Dialogue ညီလာခံ၌ စကားပြောဆိုခဲ့ရာတွင် လီက တရုတ်နှင့် အမေရိကန်တို့သည် အတူတကွ တိုးတက်လာ၍ရသည်ဟု ပြောခဲ့သည်။

တရုတ်နှင့် အမေရိကန်တို့တွင် ကွဲပြားသည့် စနစ်များနှင့် ကွဲပြားခြားနားမှု များစွာရှိကြောင်း လီက ပြောသည်။

သို့သော် ထိုအချက်က နှစ်နိုင်ငံကြား အပြန်အလှန် ဆက်ဆံရေးနှင့် နက်ရှိုင်းစွာ ပူးပေါင်း ဆောင်ရွက်မှုတို့ကို ဖော်ဆောင်ရန် ဘုံအကျိုးစီးပွား ရှာဖွေခြင်းကို တားဆီးမှု မဖြစ်သင့်ကြောင်း လီက ပြောသည်။

နှစ်နိုင်ငံကြား ပြင်းပြင်းထန်ထန် ပဋိပက္ခ ဖြစ်ပွားမှုနှင့် ထိပ်တိုက် တွေ့ဆုံမှုများက ကမ္ဘာကြီးအတွက် ပြင်းထန် သော ဘေးအန္တရာယ်ကို ဖြစ်စေလိမ့်မည်ဟုလည်း ၎င်းက ပြောသည်။

Tai Wan ကိုတွေ့ရစဉ်

တရုတ်နှင့် အမေရိကန်တို့အကြား ဆက်ဆံရေးများသည် ထိုင်ဝမ် ဒီမိုကရေစီအရေး၊ တောင်တရုတ်ပင်လယ် အတွင်း နယ်နိမိတ် အငြင်းပွားမှုအပြင် တရုတ်သို့ semiconductor chip များ တင်သွင်းခြင်းအပေါ် သမ္မတ ဘိုင်ဒန် (Biden) ၏ ပိတ်ပင်မှု စသည့် အကြောင်းအရာ မျိုးစုံကြောင့် ဆိုးရွားလျက်ရှိသည်။

နောက်ဆုံး ပေါ်ပေါက်ခဲ့သည့် တင်းမာမှုတွင် အမေရိကန်စစ်တပ်က တရုတ်ရေတပ်သည် ထိခိုက်မခံသော ထိုင်ဝမ် ရေလက်ကြားတွင်း အမေရိကန်ဖျက် သင်္ဘောတစ်စင်းအနီးတွင် အန္တရာယ်များသော လှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ သည်ဟု စွပ်စွဲခဲ့သည်။

တရုတ်ဘက်ကလည်း အမေရိကန်သည် ထိုင်ဝမ်ဒီမိုကရေစီရေးကို အားပေးခြင်းဖြင့် ရန်စသော၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေလျက် ရှိသည်ဟု စွပ်စွဲခဲ့သည်။

စင်္ကာပူအစည်းအဝေး၌ စကားပြောဆိုခဲ့ရာတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Ausitn) က အမေရိကန်သည် ထိုင်ဝမ်၏ အခြေအနေကို ဆက်လက် ထိန်းသိမ်းရန် အလေးအနက်ထား ဆောင်ရွက် နေသည်ဟု ပြောသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကို တွေ့ရစဉ်

ထို့အပြင် ၎င်းသည် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပရေး ကမ်းလှမ်းမှုအပေါ် တရုတ်၏ ငြင်းဆန်မှုကို ဝေဖန် ပြောဆိုခဲ့မှုကြောင့် အင်အားကြီးနိုင်ငံများကြား တင်မာမှုများကို ဆက်ရှိစေခဲ့သည်။

တရုတ်ဘက်မှ နှစ်နိုင်ငံ စစ်တပ်များအကြား ပဋိပက္ခ စီမံခန့်ခွဲရေးနှင့် ပတ်သက်၍ ပိုမိုကောင်းမွန်သော အခြေအနေ တစ်ရပ် ဖြစ်လာစေရန် အာရုံစူးစိုက်မှု အပြည့်ဖြင့် လုပ်ကိုင်ဆောင်ရွက်လိုမှု မရှိခြင်းအပေါ် စိုးရိမ်မိ သည်ဟု အော်စတင်က စင်္ကာပူအစည်းအဝေးတွင် ပြောခဲ့သည်။

ဆွေးနွေးမှု များများပြုလုပ်လေလေ၊ ပဋိပက္ခ သို့မဟုတ် ထိပ်တိုက်တွေ့ဆုံမှုကို ဖြစ်စေသည့် အထင်လွဲမှု၊ မှားယွင်း တွက်ချက်မှုများ လျော့ကျလေလေ ဖြစ်သည်ဟုလည်း အော်စတင်က ဆက်လက် ပြောဆိုခဲ့သည်။

Soure:  Aljazeera