CNI International News

ကိယက်ဗ်၊ မတ်လ ၁၆

ရုရှား ဂျက်တိုက်လေယာဉ်တစ်စင်းနှင့်တွေ့ဆုံပြီးနောက် ပင်လယ်နက်အတွင်းသို့ ပျက်ကျသွားခဲ့သည့် အမေရိကန် ထောက်လှမ်းရေး ဒရုန်းတစ်စင်း၏ အပျက်အစီးများကို ရုရှားအစိုးရက ဆယ်ယူလိုနေသည်ဟု ရုရှား လုံခြုံရေး အရာရှိတစ်ဦးက ဗုဒ္ဓဟူးနေ့တွင် ပြောကြောင်း AP သတင်းတွင် ဖော်ပြသည်။

အဆိုပါဖြစ်ရပ်သည် ယူကရိန်းပဋိပက္ခတွင် အမေရိကန်၏ တိုက်ရိုက်ပါဝင်ပတ်သက်မှုအတွက် နောက်ထပ် အတည်ပြုမှုဖြစ်ကြောင်း ရုရှားလုံခြုံရေးကောင်စီ၏အတွင်းရေးမှူးဖြစ်သူ နီကိုလိုင် ပတ်ထရူရှက်ဗ် (Nikolai Patrushev) က ရုပ်သံတွင် ပြောခဲ့ပြီး ဒရုန်း၏အပျက်အစီးများကို ရှာဖွေရန်စီစဉ်နေသည်ဟုလည်း ဆိုသည်။ အောင်မြင်မည်လားမသိရသေးသော်လည်း ရှာဖွေမှုကိုလုပ်ဆောင်သွားမည်ဟု ပတ်ထရူရှက်ဗ်က ပြောသည်။

သို့သော် အမေရိကန်၏ MQ-Reaper ဒရုန်းသည် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ပေါ်ရှိ အပြည်ပြည်ဆိုင်ရာ လေပိုင်နက်တွင် ပျံသန်းနေစဉ် ရုရှားတိုက်လေယာဉ်တစ်စင်း၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရသည်ဟု အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ (John Kirby) က ပြောသည်။ ပင်လယ်နက်အတွင်း ရုရှားတပ်များရှိမှုသည် ပုံမှန်ဖြစ်သော်လည်း ရုရှားသည် အမေရိကန်ဒရုန်းအား ကြားဖြတ်တိုက်ခိုက်ရန် ကြိုးစားခဲ့သည်ဟု အမေရိကန်အရာရှိများက စွပ်စွဲခဲ့သည်။

ထိုကဲ့သို့သော ထိပ်တိုက်တွေ့ဆုံမှုများက မှားယွင်းတွက်ချက်မှုနှင့် အထင်လွဲမှုများကိုဖြစ်နိုင်ခြေ တိုးလာစေသည်ဟုလည်း ကာဘီက ပြောသည်။ ပင်လယ်အတွင်းပြုတ်ကျခဲ့သော ဒရုန်းကို ပြန်မဆယ်ယူရသေးကြောင်း၊ ဆယ်ယူ နိုင်မလားမသေချာကြောင်း သို့သော် အမေရိကန်အနေဖြင့် အချက်အလက်များကို ကာကွယ်ရန်၊ အဆိုပါ ဒရုန်း သည်တစ်စုံတစ်ဦးအတွက် အသုံးဝင်သောအကြောင်းအရာ ဖြစ်သွားနိုင်ခြေကို လျော့ချရန်နှင့် ကာကွယ်ရန် ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ပြောသည်။

ရုရှားလေတပ်၏ Su-25 မြေပြင်တိုက်ခိုက်ရေးဂျက်လေယာဉ်သည် ယူကရိန်းနိုင်ငံကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့စဉ်(ဓါတ်ပုံ-အေပီ)

ရုရှားတွင် ပင်လယ်နက်အောက်ခြေသို့ရောက်ရှိနေသော ဒရုန်း၏ အပျက်အစီးများကို ဆယ်ယူနိုင်သော နည်းပညာရှိသည်ဟု ရုရှား၏နိုင်ငံခြားထောက်လှမ်းရေးအကြီးအကဲ ဆာဂျီ နာရစ်ချ်ကင် (Sergei Naryahkin) က ပြောသည်။ ရုရှားဂျက်လေယာဉ်များသည် အမေရိကန်ဒရုန်းအား လက်နက်အသုံးပြုခဲ့ခြင်း၊ ထိခိုက်စေခဲ့ခြင်းမျိုး မရှိခဲ့ဟုလည်း ရုရှားအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က ကာကွယ်ရေးဌာန၏ ထုတ်ပြန်ချက်အတိုင်း ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် ပြောခဲ့သည်။

ရုရှား-အမေရိကန်ဆက်ဆံရေးမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိနေသော်လည်း ရုရှားသည် အပြုသဘောဆောင်သည့် ဆွေးနွေးပွဲတစ်ခုကျင်းပရေးအတွက် မည်သည့်အခါတွင်မှ ငြင်းဆန်ခြင်းမရှိဟုလည်း ပတ်စ်ကော့ဗ်က ပြောခဲ့သည်။

အင်္ဂါနေ့ဖြစ်စဉ်နှင့် ပတ်သက်၍ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ကလည်း ရုရှားဂျက်လေယာဉ်၏ ကြားဖြတ်မှုသည် နိုင်ငံတကာလေပိုင်နက်အတွင်း ရုရှားလေယာဉ်မှူးများ၏ ရန်လို သော၊အန္တရာယ်များ၍ မလုံခြုံသောလုပ်ရပ်များမှ အစိတ်အပိုင်းတစ်ရပ်သာဖြစ်သည်ဟု ပြောသည်။

ရုရှားအနေဖြင့် ၎င်းတို့၏လေယာဉ်များကို ပိုမိုအန္တရာယ်ကင်းစွာ ထိန်းချုပ်သင့်သည်ဟုလည်း ၎င်းက ပြောသည်။

Source:AP