CNI International News

အေသင်၊ မတ်လ ၉

နိုင်ငံ၏အဆိုးရွားဆုံးသော ရထားလမ်းမတော်တဆမှုအတွင်း လူ ၅၇ ဦးသေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ တာဝန်ယူမှု ရှိစေရေး တောင်းဆိုရန် ဂရိမြို့တော် အေသင် (Athens) နှင့် မြို့ကြီးများတွင် လူပေါင်းသောင်းနှင့်ချီ စုဝေးဆန္ဒ ပြခဲ့သည်ဟု အယ်လ်ဂျာဇီးယား သတင်းတွင် ဖော်ပြသည်။

ဗုဒ္ဓဟူးနေ့တွင် မြို့တော်အေသင်၌ လူ ၄၀၀၀၀(လေးသောင်း)နီးပါး ချီတက်ဆန္ဒပြခဲ့ကြပြီး အလုပ်သမားသမဂ္ဂများ နှင့် ကျောင်းသားအဖွဲ့အစည်းများက ဦးဆောင်ခဲ့သည်။ သပိတ်မှောက်မှုများကြောင့် ကျွန်းများသို့ ဖယ်ရီခရီးစဉ် များနှင့် နိုင်ငံပိုင်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း ရပ်တန့်သွားခဲ့သည်။

မြို့လယ်ခေါင်မှ လွှတ်တော်ချီတက် ဆန္ဒပြသူများက မတော်တဆမှု မဟုတ်ကြောင်း၊ ရာဇဝတ်မှုဖြစ်ကြောင်း အော်ဟစ်ချီတက်ခဲ့ကြပြီး နိုင်ငံ၏ဒုတိယအကြီးဆုံး သက်ဆာလိုနီကိုင် (Thessaloniki) မြို့တွင်လည်း လူ ၂၀၀၀၀(နှစ်သောင်း)ကျော် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။ သက်ဆာလိုနီကိုင် ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြလူငယ်များအကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ရထားနှစ်စင်း ခေါင်းချင်းဆိုင်တိုက်မှုတွင် မြို့၏တက္ကသိုလ်မှ ကျောင်းသား ၁၂ ဦးလည်း သေဆုံးခဲ့ရသည်။ နိုင်ငံတောင်ပိုင်း ပါထရတ်စ် (Patras) မြို့ ဆန္ဒပြပွဲများတွင် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ သုံး ကာ လူစုခွဲခဲ့ပြီး မတော်တဆမှုဖြစ်ပွားရာနေရာအနီးရှိ လာရစ်ဆာ (Larissa) မြို့တွင် ကျောင်းသားများက အနက် ရောင် ပူဖောင်းများ ကိုင်ဆောင်ကာ “အသက်များအပေါ် အမြတ်မထုတ်ပါနှင့်”ဟု အော်ဟစ်ချီတက်ခဲ့ကြသည်။

ဂရိနိုင်ငံ လာရစ်စာမြို့အနီးတွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရထားနှစ်စင်း တိုက်မိပြီး လူ ၅၇ ဦး သေဆုံးခဲ့စဉ်(ဓါတ်ပုံ-ရိုက်တာ)

ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သော ရထားမတော်တဆမှုသည် ဟောင်းနွမ်းနေပြီဖြစ်သော ဂရိနိုင်ငံ၏ မီးရထားလမ်းစနစ်များအပေါ် ပြည်သူများ၏ အမျက်ဒေါသကို ကြီးထွားလာစေခဲ့သည်။ လူများစွာ သေဆုံးခဲ့ရ သည့် မတော်တဆမှုသည် ဂရိနိုင်ငံ၏ ကာလရှည်ကြွေးမြီပြဿနာ၏အရင်းခံ နှစ်ပေါင်းများစွာ လျစ်လျူရှုမှု၊ ရင်းနှီးမြှုပ်နှံမှုနည်းပါးမှု၊ ဝန်ထမ်းအင်အားနည်းပါးမှုတို့ကို အပြစ်တင်ရမည်ဟု သပိတ်မှောက်ဝန်ထမ်းများက ပြောသည်။

မတော်တဆမှုဖြစ်စဉ်သည် လူပေါင်း ၃၅၀ ကို တင်ဆောင်လာသည့် ရထားသည် ကုန်တင်ရထားတစ်စင်းနှင့် တိုက်မိခဲ့ခြင်းဖြစ်သည်။ လူစီးရထားသည် ပိတ်ရက်ရှည်အတွက် အေသင်မှ သက်ဆာလိုနီကိုင်မြို့သို့ သွားမည့် တက္ကသိုလ်ကျောင်းသားများ လိုက်ပါလာသည့် ရထားလည်းဖြစ်သည်။

အဆိုပါဖြစ်ရပ်ကြောင့် ဂရိတစ်နိုင်ငံလုံးတွင် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး တနင်္ဂနွေနေ့တွင် လူပေါင်း ၁၀၀၀၀ (တစ်သောင်း)ကျော်က မြို့တော် အေသင်တွင် စုဝေးကာ အနက်ရောင် ပူဖောင်း ရာပေါင်းများစွာကို ကောင်းကင်သို့ လွှတ်တင်ခဲ့ကြသည်။

မီးရထားဝန်ထမ်းများ၏ သပိတ်မှောက်မှုကြောင့် ရထားလမ်းကြောင်းများ ရပ်တန့်သွားခဲ့ပြီး ဝန်ထမ်းများ၏ လုံခြုံရေးကိုမြှင့်တင်ပေးရန် တောင်းဆိုမှုသည် နှစ်ပေါင်းများစွာကြာလာသည့်တိုင် ဖြည့်ဆည်းပေးနိုင်မှုမရှိသေးဟု ပြောသည်။

Source:Aljazeera