CNI International News

ကိယက်ဗ်၊ ဧပြီ ၂၂

ယူကရိန်းနိုင်ငံ၊ မာရီယူပေါလ်မြို့အနီး လူသေအလောင်းများ အစုလိုက်အပြုံလိုက်မြှုပ်နှံထားသည့် သင်္ချိုင်း ဖြစ်ဟန်ရှိကာ ၎င်းမှာ ဧပြီ ၂၁ ရက်က ထွက်ပေါ်လာခဲ့သော ဂြိုဟ်တုဓါတ်ပုံများအရ အဆိုပါဆိပ်ကမ်းမြို့ကို သိမ်းပိုက်နိုင်ရေးအတွက် ရက်ရက်စက်စက်သတ်ဖြတ်မှုများအား ရုရှားက ဖုံးကွယ်ရန် ကြိုးစားခဲ့ကြောင်း၊ အရပ်သား ၉ ထောင်ခန့်ကို ယင်းနေရာတွင် မြှုပ်နှံထားကြောင်း ယူကရိန်းဒေသဆိုင်ရာအာဏာပိုင်များက စွပ်စွဲခဲ့ကြသည်ဟု အေပီသတင်းအရ သိရသည်။

မာရီယူပေါလ်မြို့ရှိ သံမဏိစက်ရုံအတွင်း ခိုလှုံနေသည့် ယူကရိန်းတိုက်ခိုက်ရေးသမား ၂ ထောင်ခန့်ရှိနေဆဲ ဖြစ်သော်လည်း မာရီယူပေါလ်တိုက်ပွဲကို အောင်ပွဲခံပြီဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ကြေညာပြီးနောက် နာရီပိုင်းအတွင်း အထက်ပါဂြိုဟ်တုဓါတ်ပုံများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယခုစစ်၏အမာခံနယ်မြေဖြစ်သည့် စက်ရုံထဲသို့ ၎င်းတပ်များ ဝင်မတိုက်ရန် ပူတင်က တိုက်ရိုက်အမိန့်ပေးခဲ့ပြီး “ယင်ကောင်တွေတောင် မဝင်နိုင် အောင်” ပိတ်ဆို့ထားကြဖို့ ညွှန်ကြားခဲ့သည်။

အဆိုပါဂြိုဟ်တုဓါတ်ပုံများကို Maxar (မက်ဆာ) နည်းပညာလုပ်ငန်းက ဝန်ဆောင်မှုပေး၍ ဖြန့်ဝေခဲ့ပြီး ဓါတ်ပုံများ ကို ဆန်းစစ်လေ့လာကြည့်ရာ ရုရှားတို့သည် တိုက်ပွဲအတွင်း သေကြေခဲ့သော မာရီယူပေါလ်မြို့သူမြို့သားများကို အစုလိုက်အပြုံလိုက် မြှုပ်နှံထားခြင်းဖြစ်နိုင်ကြောင်း၊ အလားတူ မြို့တစ်မြို့တွင် အလောင်းပေါင်း ၂၀၀ ကျော် မြှုပ်နှံထားသည့်ဓာတ်ပုံများကို ယူကရိန်းအာဏာပိုင်များက ပြသခဲ့ကြောင်း အေပီက သတင်းဆက်လက် ရေးသား ထားသည်။

ပုံများတွင် မာရီယူပေါလ်မြို့အပြင်ဘက်ရှိ မန်ဟက်မြို့ငယ်ရှိ သင်္ချိုင်းတစ်ခုအတွင်း မြေပုံနှင့်အုတ်ဂူများကို ရှည်လျားလှစွာ စီတန်းနေကြောင်း တွေ့ရသည်။

အရပ်သားများ၏ရုပ်အလောင်းများကို မြို့အတွင်းမှ ထုတ်ယူ၍ မန်ဟက်မြို့ငယ်တွင် မြှုပ်နှံခြင်းဖြင့် ရုရှားတို့သည် ၎င်းတို့စစ်ရာဇဝတ်မှုများကို ဖုံးဖိခဲ့ကြောင်း မာရီယူပေါလ်မြို့တော်ဝန် ဗာဒိုင်းဘွိုင်ချန်ကို (Vadym Boychenko) က စွပ်စွဲခဲ့သည်။

အဆိုပါမြှုပ်နှံမှုများတွင် လူသေအလောင်းပေါင်း ၉ ထောင်ခန့်ရှိနိုင်ကြောင်း မာရီယူပေါလ်မြို့ကောင်စီက တယ်လီ ဂရမ် App မှတဆင့် ဧပြီ ၂၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မာရီယူပေါလ်တွင် ရုရှားတို့၏လုပ်ရပ်ကို ဗာဒိုင်းဘွိုင်ချန်ကိုက “ဘာဘီယာဖြစ်စဉ်အသစ်” ဟု တံဆိပ်ကပ်ခဲ့သည်။ အဆိုပါ ဘာဘီယာ (Babi Yar) ဖြစ်စဉ်မှာ ၁၉၄၁ ခုနှစ်၌ ယူကရိန်းရောက် ဂျူးလူမျိုး ၃၄,၀၀၀ နီးပါးကို နာဇီတို့က သတ်ဖြတ်ခဲ့မှုဖြစ်သည်။

“သေဆုံးသွားသူတွေရဲ့အလောင်းတွေကို ထရပ်ကားနဲ့ စုပြုံသယ်လာပြီး တကယ့်ကို ရိုးရိုးရှင်းရှင်းနဲ့ တောင်ကုန်းတွေမှာ လာပစ်ထားတာပဲဖြစ်ပါတယ်” ဟု ဘွိုင်ချန်ကို၏ လက်ထောက်တစ်ဦးဖြစ်သူ ပီထရိုအင်ဒရီချန်ကိုက တယ်လီဂရမ်တွင် ပြောကြားခဲ့သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ကရင်မလင်သမ္မတနန်းတော်က လတ်တလော တုံ့ပြန်ခြင်းမရှိပေ။

Source: AP