CNI International News

ကိယက်ဗ် မတ်လ ၂၂

ရုရှားတို့ဝိုင်းရံတာ ခံနေရသော ယူကရိန်းတောင်ဘက် မြို့ကြီးဖြစ်သည့် မာရီယူပေါလ်မြို့ လက်နက်ချရန် ပူတင်၏ ရာဇသံကို ယူကရိန်းက မတ်လ ၂၁ ရက်တွင် ပယ်ချခဲ့ကြောင်း မော်စကိုတိုင်းမ် ဝက်ဘ်ဆိုက်တွင် သတင်းဖော်ပြထားသည်။

ထို့နောက် ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်မြို့တော်ရှိ ဈေးဝယ်စင်တာတစ်ခုတွင်လည်း ညလုံးပေါက် ပစ်ခတ်မှုကြောင့် လူ ၈ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ရုရှားတပ်များ၏ တစ်လနီးပါးကြာ ဗုံးကြဲတိုက်ခိုက်မှု ခံခဲ့ရသည့် မာရီယူပေါလ် ဆိပ်ကမ်းမြို့တွင် ရေနှင့်လျှပ်စစ်မီး ပြတ် တောက်မှု မရှိသော်လည်း လူ ၃ သိန်းခွဲနီးပါး ပိတ်မိနေကြောင်း ဥရောပသမဂ္ဂ (EU) မူဝါဒအကြီးအကဲ ဂျိုးဆက်ဘော်ရဲလ် က ပြောကြားခဲ့သည်။

ရုရှားက ပစ်မှတ်ထားသည့် ယူကရိန်းပြည်တွင်း တခြားနေရာများတွင် ညလုံးပေါက် ဗုံးဖြင့် တိုက်ခိုက်မှုများ ရှိခဲ့ပြီး နိုင်ငံ မြောက်ပိုင်းရှိ ဓာတုဗေဒစက်ရုံတွင် အပျက်အစီးများကြောင့် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်ပေါ်၍ ယာယီ သတိပေးချက် ထုတ်ပြန်ခဲ့ရသည်။

ဇာလန်းစကီးကိုတွေ့ရစဉ်(GETTY IMAGES)

မော်စကိုဘက်မှ တစ်လနီးပါးကြာ ကျူးကျော်နေမှုရပ်တန့်ဖို့ သိသိသာသာ ဖိအားပေးကြရန် ဥရောပနိုင်ငံများကို ယူကရိန်း သမ္မတ ဗိုလိုဒီမီယာ ဇာလန်းစကီးက တိုက်တွန်းခဲ့ပြီး မိမိတို့ဥရောပတိုက်အနေဖြင့် ရုရှားနှင့် ကုန်သွယ်မှုအားလုံး ဆိုင်းငံ့သင့် ကြောင်း ပြောကြားခဲ့သည်။

“ဥရောပမှာ ကျူးကျော်သိမ်းပိုက်သူ မရှိစေရပါဘူး။ ခင်ဗျားတို့ ဆိပ်ကမ်းတွေကို သူတို့မကပ်နိုင်အောင် ပိတ်လိုက်ကြပါဗျာ။ သူတို့ဆီလည်း ခင်ဗျားတို့ကုန်ပစ္စည်းတွေ မပို့ကြပါနဲ့။ သူတို့ဆီက စွမ်းအင် အရင်းအမြစ်တွေကိုလည်း ငြင်းပစ်ပါ။ ယူကရိန်း ကနေ ရုရှား ထွက်သွားဖို့ တွန်းအားပေးကြပါဗျာ” ဟု ဇာလန်းစကီးက ၎င်း၏ နောက်ဆုံးဖြန့်ဝေခဲ့သော ဗွီဒီယိုမိန့်ခွန်းတွင် တိုက်တွန်းသွားခဲ့သည်။

ယူကရိန်းခေါင်းဆောင်များသည် မာရီယူပေါလ်မြို့တွင် ကျူးကျော်သူများ၏ ဆန္ဒနှင့် ဆန့်ကျင်ပြီး ကြံကြံခံ ရပ်တည်နေ ကြောင်း၊ လူသားချင်း စာနာမှု အကျပ်အတည်းလည်း ယင်းမြို့တွင် ခံစားနေရကြောင်း ဇာလန်းစကီးက အလေးပေး ပြော ကြားခဲ့သည်။

ပူတင်ကိုတွေ့ရစဉ်(AP)

“ဒီဆိပ်ကမ်းမြို့ကို ခုခံကာကွယ်နေသူတွေဟာ ရန်သူ့ အစီအစဉ်တွေကို ဖျက်ဆီးပစ်ပြီး ကျနော်တို့ ကာကွယ်ရေးအစွမ်း မြှင့်တင်ရာမှာ ကြီးမားတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်” ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီရက်နီကော့ဗ်က ပြောကြားခဲ့သည်။

“ဒီကနေ့ မာရီယူပေါလ်(ခုခံနေသူတွေ)ဟာ ကိယက်ဗ်၊ ဒနီပရိုနဲ့ အိုဒက်စာကို ကယ်တင်နေတာပဲ ဖြစ်ပါတယ်။ ဒါကို လူတိုင်း နားလည်ကြရမယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မတ်လ ၂၁ ရက်၊ ဒေသစံတော်ချိန် နံနက် ၅ နာရီအထိ ယူကရိန်း အာဏာပိုင်များကို မာရီယူပေါလ်မြို့ ဝိုင်းထားသည့် ကရင်မလင်စစ်တပ်က သတိပေးထားပြီး စာမျက်နှာ ၈ မျက်နှာပါ တောင်းဆိုချက်များကို တုံ့ပြန်ရန် တောင်းဆိုထားသည်။

မာရီယူပေါလ်မြို့ လက်နက်ချရန် ရုရှား၏ရာဇသံကို ပယ်ချကြောင်း၊ ပိတ်မိနေသော မြို့သူမြို့သားများကို မော်စကိုအနေဖြင့် လွတ်မြောက်ခွင့် ပြုသင့်ကြောင်း ယူကရိန်းဒုတိယဝန်ကြီးချုပ် အီရီနာဗီရီရှက်ချက်က ပြောကြားခဲ့သည်။

Source: Moscow Times