CNI International News

ကိယက်ဗ်၊ မတ်လ ၂၀

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် (Vladimir Putin) သည် ရုရှားတို့ သိမ်းပိုက်ထားသော ယူကရိန်း၏ မာရီယူ‌ပေါလ်(Mariupol) သို့ သွားရောက်လည်ပတ်ခဲ့ကြောင်း AP သတင်းတွင် ဖော်ပြသည်။

ယင်းသည် စက်တင်ဘာလကမှ သိမ်းပိုက်ထားသော ယူကရိန်းနယ်မြေသို့ ပူတင်၏ ပထမဆုံးခရီးစဉ်ဖြစ်ကာ စစ်ရာဇဝတ်မှုများအတွက် ၎င်းအပေါ် ICC က ဖမ်းဝရမ်းထုတ်မှုအပေါ် အာခံပြခဲ့ခြင်းလည်းဖြစ်သည်။

ပူတင်သည် ခရိုင်းမီးယား(Crimea) ကို သွားရောက်ခဲ့ပြီးနောက် မာရီယူပေါလ်သို့ တနင်္ဂနွေနေ့နှောင်းပိုင်းတွင် ရောက်ရှိခဲ့သည်ဟု ရုရှားအစိုးရအဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် ဒီမီထရီ ပတ်စ်ကော့ဗ် (Dmitry Peskov) က ပြောသည်။ ခရိုင်းမီးယားကျွန်းဆွယ်အား ရုရှားတို့ သိမ်းပိုက်ခြင်း ကိုးနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ပင်လယ်နက်ကျွန်းဆွယ်သို့ ပူတင်သွားရောက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်များအတွင်း ပူတင်သည် မာရီယူပေါလ်ဒေသခံများနှင့် စကားပြောဆိုခြင်း၊ ခရိုင်းမီးယားရှိ အနုပညာကျောင်းတစ်ခုနှင့် ကလေးစင်တာတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ခြင်းတို့ကိုလည်း တွေ့ခဲ့ရသည်။ ယူကရိန်းတပ်သားတစ်စုသည် စတီးစက်ရုံတစ်ခုတွင် အစစ အရာရာ အင်အားသာလွန်သော ရုရှားတပ်သားများကို သုံးလနီးပါးကြာခံတိုက်ခဲ့သည့်ဖြစ်စဉ်ကြောင့် မာရီယူပေါလ်သည် ကမ္ဘာ့အလယ်တွင် ယူကရိန်းသားတို့၏ ခုခံမှု ပြယုဂ်တစ်ခုအဖြစ်ထင်ရှားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ရုရှားထိန်းချုပ်ထားသော ဒွန်နက်စ်ဒေသရှိ မာရီယူပေါလ်သို့ လာရောက် လည်ပတ်စဉ်

ရုရှားတို့၏ ဒုံးကျည်ဒဏ်ကြောင့် မြို့ဧရိယာ အများစုသည် အပျက်အစီးများဖြင့် ပြည့်နှက်လျက်ရှိသည်။ ခရီးစဉ် များအတွင် ပူတင်သည် ၎င်းအပေါ်ဖမ်းဝရမ်းထုတ်ခြင်းနှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောဆိုခြင်းမရှိခဲ့ပေ။ ဝရမ်း ကြောင့် ပူတင်သည် ချက်ချင်းလက်ငင်း အဖမ်းခံရနိုင်ခြေမရှိပေမယ့်လည်း ယင်းက ၎င်းအား နိုင်ငံတကာ စာမျက်နှာတွင် ပို၍ အထီးကျန်မှုကို ဖြစ်စေမည်ဖြစ်သည်။ ရုရှားအစိုးရသည် ICC အား အသိအမှတ်ပြုခြင်း မရှိသကဲ့သို့ ဝရမ်းထုတ်ခြင်းကိုလည်း အဓိပ္ပါယ်မရှိသည့်လုပ်ရပ်ဟု မှတ်ယူထားသည်။

ပူတင်သည် မာရီယူပေါလ်သို့ ရဟတ်ယာဉ်ဖြင့်ရောက်ရှိခဲ့ကာ နောက်တွင် ၎င်းကိုယ်တိုင်ကားမောင်း၍ မြို့၏ အထိမ်းအမှတ်နေရာများ၊ ခန်းမနှင့်ကမ်းရိုးတန်းတို့ကို သွားရောက်ကြည့်ရှုခဲ့သည်ဟု ရုရှားသတင်းများတွင် ဖော်ပြသည်။

အဆောက်အဦးသစ်ဟု ယူဆရသည့်နေရာတစ်ခုအပြင်ဘက်တွင် ပူတင်နှင့်ဒေသခံများ စကားပြောနေသည်ကိုလည်း Rossiya 24 ရုပ်သံသတင်းတွင် ဖော်ပြသည်။ ယခုသီတင်းပတ်အတွင်း တရုတ်သမ္မတ၏ ရုရှားသို့ ခရီးစဉ်မတိုင်ခင် ပူတင်က မာရီယူပေါလ်သို့ ရုတ်တရက်သွားရောက်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် ဧပြီလ ၁၆ ရက်နေ့က ယူကရိန်းနိုင်ငံ မာရီယူပေါလ်ရှိ  Illich Iron and Steel Works Metallurgical Plant အနီးတွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့စဉ် ပျက်စီးသွားသော တိုက်ခန်း အဆောက်အအုံကို ဒေသခံတစ်ဦးက ကြည့်ရှုနေစဉ်(ဓါတ်ပုံ-အေပီ)

တရုတ်သမ္မတ၏ခရီးစဉ်က အနောက်အုပ်စုနှင့် ရင်ဆိုင်နေရသော ပူတင်အတွက် အရေးပါသည့် သံရေးတမံရေး မြှင့်တင်မှုတစ်ခုဖြစ်လာမည်ဟုလည်း ယူဆရသည်။ ပူတင်သည် မာရီယူပေါလ် ခရီးစဉ်ပြီးနောက် ရုရှား တောင်ပိုင်းမြို့တစ်မြို့ရှိ စစ်ဌာနချုပ်တစ်ခုသို့ သွားရောက်ကာ စစ်တပ်ခေါင်းဆောင်များ၊ တပ်သားများနှင့် တွေ့ဆုံခဲ့သည်။ ပူတင်သည် သူ၏ခရီးစဉ်များကို ကြိုတင်ကြေညာထားခြင်းမရှိဘဲ ဌာနချုပ်၏ သာမာန်လုပ်ငန်း လုပ်ဆောင်မှုများကို စစ်ဆေးရန် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟုလည်း ပတ်စ်ကော့ဗ်က ပြောသည်။

Source:AP