CNI News

၂၀၂၂ ခုနှစ်၊ ဧပြီ ၂၂

ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)တို့အကြား ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခတွင် တပ်မတော်မှ ဝင်ပါလာပါက တိုက်ပွဲများ ပိုမိုကျယ်ပြန့်လာမည်ဖြစ်ကြောင်း SSPP ၏ အထွေထွေ အတွင်းရေး မှူး(၂) ဒုဗိုလ်မှူးကြီး စိုင်းဆုက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ် တောင်ပိုင်းဒေသ ပင်လုံမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တပ်စခန်းအနီးသို့ တပ်မတော်နှင့် RCSS စစ်ကြောင်းများ လှုပ်ရှားလာနေကြောင်း၊ ရှမ်းနှစ်ဖွဲ့ စစ်ရေး ပဋိပက္ခအတွင်းသို့ တပ်မတော် ဝင်မပါစေလိုကြောင်း SSPP/SSA က ပြောသည်။

ဒုဗိုလ်မှူးကြီး စိုင်းဆုက “တပ်မတော်က ဝင်မပါဘူးဆိုရင် RCSS နဲ့ ကျနော်တို့ဆွေးနွေးဖို့ အသင့်ပြင်ထားတာရှိတယ်၊ ဆွေး နွေးဖို့လည်း ကျနော်တို့ Ready လုပ်ထားတယ်၊ ဆွေးနွေးဖို့လည်း ရှေ့ဆက်ပြီးတော့ ပြောထားတာရှိတယ်၊ သူတို့အကြောင်း ပြန်ဖို့ပဲ ကျနော်တို့က စောင့်နေတယ်၊ အခုက အကြောင်း မပြန်သေးဘဲနဲ့ တပ်မတော်ကလည်း စစ်ဆင်ရေးတွေ လုပ်လာ တော့ နောက်ပြီး RCSS မှာလည်း သူတို့အကွက်ကောင်းလိုလို ပြောမယ်ဆိုရင်တော့ သူတို့က နားလည်မှုနဲ့ ကြည့်တဲ့ပုံက သူတို့ လှုပ်ရှားတဲ့ စစ်ကြောင်းရဲ့ ချဉ်းကပ်မှုက နားလည်မှုပုံစံနဲ့ ကျနော်တို့ကို ချဉ်းကပ်ပြီးတော့ အဲဒီ အခြေအနေ ရှိနေတယ်၊ တိုက်ပွဲ ဖြစ်လာရင်တော့ သူတို့ နှစ်ဖက်လုံးက ပေါင်းပြီးတိုက်မှာ သေချာတယ်၊ ကျနော်တို့လည်း မတတ်နိုင်ဘူး သူတို့လုပ်ရင် ပြန်လုပ်ရမှာပဲ ဒါက ထိန်းလို့ရမှာ မဟုတ်ဘူး”ဟု ပြောသည်။

ဧပြီ ၁၉ ရက်နေ့က တပ်မတော်၏ အမှတ် ၅၁၃ လက်အောက်ခံ တပ်ရင်း အမှတ် ၂၇၇၊၂၇၈ မှ ဗိုလ်မှူးထွန်းဝင်းအောင် ဦးဆောင်ပြီး အင်အား ၃၀၀ ကျော်ဖြင့် ပင်လုံ၊ လဲချားကနေ စစ်ကြောင်း ၃ ကြောင်းခွဲ၍ ပင်လုံမြို့နယ်ထဲရှိ စနင်းတောင် ဘက်ခြမ်း SSPP/SSA စခန်းအနီး စစ်ရေးလှုပ်ရှားလာကြောင်း SSPP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဒေသတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များလည်း လှုပ်ရှားလိုသည့် သဘောများ တွေ့နေရကြောင်း၊ တပ်မတော် နှင့် တိုက်ပွဲဖြစ်ပွားလာပါက ပိုမိုကျယ်ပြန့်သည့် တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

ဒုဗိုလ်မှူးကြီးစိုင်းဆုကိုတွေ့ရစဉ်

၎င်းက “တိုက်ပွဲတွေဖြစ်လာရင် ပိုပြီးတော့ ကျယ်ပြန့်လာမယ်လို့ပဲ ကျနော်တို့တွေ ပြောချင်တယ်၊ ဘာလို့ ကျယ်ပြန့်လာ နိုင်လဲ ဆိုတော့ အခုလည်း PDF မှာလည်း နည်းနည်း လှုပ်ရှားချင်တယ်၊ အထောက်အကူတွေ အများကြီး လိုတယ်လို့ ပြောကြတာ၊ အဲဒီတော့ ကျနော်တို့က တပ်မတော်နဲ့ ထိတွေ့မှု ဖြစ်သွားပြီဆိုရင်တော့ PDF တော့ အခွင့်အရေးပဲ”ဟု ပြော သည်။

SSPP သည် RCSS တပ်စခန်းများကို လိုက်လံရှင်းလင်းရင်း ရှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့ အနောက်ပိုင်း စနင်းတောင်သို့ တပ်များ ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ တပ်မတော်စစ်ကြောင်းနှင့် RCSS စစ်ကြောင်းများက SSPP တပ်များရှိရာသို့ ချဉ်းကပ် လာသည့်အတွက် စစ်ရေးတင်းမာနေသည့် အခြေအနေဖြစ်ပေါ်နေကြောင်း SSPP မှ ဒုဗိုလ်မှူးကြီး စိုင်းဆုက ပြောသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ RCSS ၏ ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ် မေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိခဲ့ ပေ။

ပင်လုံမြို့ ဒေသခံတစ်ဦးကတော့ စစ်ရေးတင်းမာနေသည့် အခြေအနေကို ဒေသခံများအနေနှင့် စိုးရိမ်နေကြကြောင်း ပြော သည်။

RCSS ကို တွေ့ရစဉ်

၎င်းက “ပြောရရင် အခု တပ်တွေ ပင်လုံမြို့ အနောက်ဘက်တောင်တွေမှာ ရောက်နေတာ မြို့ထဲက စိုးရိမ်နေကြတယ်၊ စစ်ရေး တင်းမာတဲ့ သတင်းတွေလည်း တွေ့တော့ မြို့ခံတွေ စိုးရိမ်မှုတွေ ရှိနေတယ်၊ အဲဒီ တောင်တွေက ဘိန်းစိုက်ခင်းတွေ ရှိတဲ့ နေရာတွေ အဲဒီမှာ လက်နက်ကိုင်တပ်တွေ အလုံးအရင်း ဝင်လာတာ”ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လကုန်ပိုင်းက SSPP မှ ဒုဥက္ကဋ္ဌ စဝ်ခွန်ဆိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ရှမ်းပြည်နယ် တောင်ပိုင်းရှိ SSPP စခန်းများ တပ်ဆုတ်ရန် တပ်မတော်ဘက်က ပြောခဲ့သည်။

ထိုသို့ တပ်ဆုတ်ခိုင်းမှုအပေါ် SSPP ဘက်ကလည်း လက်မခံခဲ့ကြောင်း၊ လက်ရှိတွင် စစ်ရေးတင်းမာသည့် အခြေအနေ ဖြစ်လာနေသည်။