CNI News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆

လက်ရှိ မြန်မာ့နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန် မည်ကဲ့သို့ ဆောင်ရွက်သင့်သလဲနှင့် မည်သည့် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများဖြင့် ဖြေရှင်းမှ ရမည်လဲဆိုသည့်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ ဆွေးနွေး လျက်ရှိနေသည်။

အဆိုပါ နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အားလုံး ပါဝင်သည့် ဆွေးနွေးပွဲတစ်ခု လိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီ (MUP) မှ နိုင်သန်းရွှေက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “တွေ့ဆုံဆွေးနွေးမှုကိုတော့ အထူးသဖြင့်ပေါ့နော်၊ ဒီပါဝင် ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေ အားလုံးပေါ့နော်၊ တွေ့ဆုံဆွေးနွေးမယ်ဆိုလို့ရှိရင် ကျနော်တို့ အဖြေတစ်ခုတော့ ရမှာ‌ပေါ့၊ ဒါတွေ့ဆုံဆွေးနွေးမှုဆို တာကလည်း တစ်ဦးချင်း၊ တစ်ဖွဲ့ချင်း အနေနဲ့လည်း ဖြစ်ချင်ဖြစ်မယ်၊ နောက်ပြီးတော့ အားလုံးစုပေါင်းပြီးတော့ လည်း ဖြစ်ချင်လည်း ဖြစ်မှာပေါ့၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ကျနော်တို့ ညှိနှိုင်းမယ်ဆိုလို့ရှိရင် အဆင်ပြေဆုံးပါပဲ” ဟု ပြောသည်။

၎င်းတို့ပြောသည့် တွေ့ဆုံဆွေး‌နွေးမှုတွင် ပါဝင်ရန်ဆိုသည့် အဖွဲ့အစည်းနှင့် လူပုဂ္ဂိုလ်များ ဆိုသည်မှာ မည်သည့် အဖွဲ့အစည်းကို ဆိုလိုကြောင်း တိတိကျကျ‌ ပြောဆိုခြင်းမျိုး မရှိပေ။

ချင်းပြည်နယ်အတွင်းက နေအိမ်များ မီးရှို့ခံရစဉ်

လက်ရှိ မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေပြီး နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့မှာ အဖက်ဖက်က ယိုယွင်းလျက်ရှိနေသည်။

အာဏာပိုင် အဖွဲ့အစည်းအနေဖြင့် တရုတ်ကွန်မြူနစ်ပါတီကဲ့သို့ ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်ကို လုပ် ဆောင်နိုင်ပါက မည်သည့် အဖွဲ့အစည်းနဲ့မျှ ဆွေးနွေးစရာမလိုကြောင်း မြန်မာ့နိုင်ငံရေး လေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော်တို့ လက်ရှိ ကြံ့ခိုင်ရေးပဲလာလာ၊ တပ်မတော်ပဲ ပြောပြော၊ ရှိတဲ့ အစိုးရတွေက တရုတ်ကွန်မြူနစ် ပါတီ အစိုးရနဲ့ ပါတီက ကျင့်သုံးသလို ပြည်သူလူထုအပေါ်မှာ Attention ပေါ့ဗျာ၊ ပိုပြီးတော့ အာရုံစိုက်ပေးမယ်၊ အုပ်ချုပ်ရေးမှာလဲ ပိုကောင်းအောင် လုပ်မယ်ဆိုရင် ကျနော်တို့က ဘယ်သူ့ကိုမှ စေ့စပ်ဆွေး‌နွေးစရာမလိုဘူး။ ပြောရလို့ရှိရင်တော့ ဟိုတုန်းက ဖြစ်ခဲ့တဲ့ မြေသိမ်း၊ ယာသိမ်းတဲ့ မတရားမှုတွေ လူထုက မတရားဘူးလို့ ခံစားရတဲ့ ဟာတွေကို ဖြေဖျောက်ပေးပြီးတဲ့အခါမှာ ဥပဒေကလည်း လူထုကို ကာကွယ်တဲ့ ဥစ္စာမျိုးကို ကျနော်တို့က အထူး သဖြင့်တော့ Reform ပေါ့ဗျာ၊ Reform ဆိုတာ ဦးသိန်းစိန် ပြောတဲ့ Reform ပြောတာ မဟုတ်ပါဘူး။ ပြည်သူလူထု အပေါ် အမှန်တကယ် ရပ်တည်ပေးနိုင်မယ့် ဥပဒေတွေနဲ့ Reform တွေနဲ့ သေသေချာချာ အမှန်တိုင်း ပြောရရင် Good Governance ပေါ့ဗျာ၊ ကောင်းမွန်စွာ အုပ်ချုပ်ရေးကို တရုတ်အစိုးရလို လုပ်နိုင်မယ်ဆိုရင် ကျနော်တို့က ဒီပါတီတွေ အမှန်တိုင်း ပြောရလို့ရှိရင်တော့ NLD နဲ့လည်း ကျနော်တို့က ဆွေးနွေးစရာ မလိုပါဘူး။ ကျနော်တို့က လက်နက်ကိုင်တွေနဲ့လည်း ဆွေးနွေးစရာ မလိုပါဘူး။ ကျနော်က လက်နက်ကိုင်တွေနဲ့ ဆွေးနွေးတဲ့ကိစ္စကို ကျနော် က တစ်သက်လုံးဘယ်တော့မှ သဘောမတူဘူး။ အဓိကတော့ ပါတီတွေ ရှိနေတာပဲပေါ့၊ ကျနော်က အဲဒီလို မြင်ပါ တယ်” ဟု ပြောသည်။

ကရင်နီတပ်မတော်(KA)ကိုတွေ့ရစဉ်

မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေး ပြည်တွင်းရှိ အင်အားစု အဖွဲ့အစည်းတချို့နှင့် အာဆီယံက လည်း ဖြေရှင်းနိုင်‌ရေး ကြိုးပမ်းလျက်ရှိသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယား(ကရင်နီ)ပြည်နယ်၊ မကွေးတိုင်းဒေသ ကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေသည်။