CNI International Article

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၅

အားလုံးက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ တရုတ် ခရီးစဉ် ပြီးဆုံးသွားခဲ့ပါပြီ။

ခရီးစဉ်အတွင်း ဘလင်ကင်နှင့် တရုတ်သမ္မတရှီတို့က ဆိုးရွားနေသော တရုတ်-အမေရိကန် ဆက်ဆံရေးများကို တည်ငြိမ်အောင် လုပ်ဆောင်းသွားရန် ကတိပြုခဲ့သည်။ 

သို့သော် အမေရိကန်တို့၏ အကြီးမားဆုံး တောင်းဆိုမှုဖြစ်သော နှစ်နိုင်ငံ စစ်တပ်များအကြား ဆက်သွယ်မှုကို ပြန်လည် ထိန်းသိမ်းရေးကိုတော့ တရုတ်ဘက်က ငြင်းဆန်ခဲ့သည်။ 

စစ်ဘက် ဆက်သွယ်ရေးကို ထပ်ဖန် တလဲလဲ ပြောဆိုခဲ့သည်ဟု ဘလင်ကင်က ထုတ်ပြောခဲ့သော်လည်း တရုတ် ဘက်က ပယ်ချသည်။ 

ထိုသို့ ဆက်သွယ်မှုများ ရှိခြင်းက လုံးဝ အရေးပါသည်ဟု ဘလင်ကင်က ပြောသည်။

ယင်းသည် အမေရိကန်ဘက်က ဆက်လက် လုပ်ဆောင်လိုသော အရာဖြစ်သည်ဟုလည်း နိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောကြားသည်။ 

နိုင်ငံခြားရေးဝန်ကြီးသာမက ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နှင့် သမ္မတ ဂျိုးဘိုင်ဒန်တို့သည်လည်း အမေရိကန်နှင့် စစ်ဘက် ဆက်သွယ်ရေး ချယ်နယ်များ ပြန်လည်စတင်ရန် ပြီးခဲ့သည့်လ အတန်ကြာကတည်းက တရုတ်ကို တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ 

တရုတ်ဘက်က ဘာကြောင့် စစ်ဘက်ဆက်သွယ်ရေးကို ရပ်လိုက်ရပါသလဲ
********************************************************************

ပြီးခဲ့သည့်နှစ် သြဂုတ်လက အမေရိကန်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ထိုင်ဝမ်သို့ သွားရောက် လည်ပတ်ခဲ့ ပြီးနောက်တွင် တရုတ်က အမေရိကန်စစ်တပ်နှင့် ပုံမှန် ဆက်သွယ်ရေးကို ရပ်ဆိုင်းလိုက်သည်။

နန်စီပလိုစီ၏ ခရီးစဉ်က ထိုင်ဝမ်နှင့်ဆက်ဆံရေး ပြုလုပ်ခြင်းကို တားဆီးသည့် တရုတ်၏ မူဝါဒကို စိန်ခေါ်မှုတစ်ခု ဟုလည်း တရုတ်ဘက်က ရှုမြင်သည်။ 

သို့သော် နှစ်နိုင်ငံကြား မကျေလည်မှုများသည် ပလိုစီ၏ ခရီးစဉ် မတိုင်ခင်ကတည်းက ရှိနေခဲ့ခြင်း ဖြစ်သည်။ 

အမေရိကန်ဘက်က ထုတ်ပြန်မှုအရ တရုတ်သည် ၂၀၂၁ ခုနှစ်မှ စတင်ကာ ကာကွယ်ရေးဌာန၏ ထိပ်သီး အစည်းအဝေးများ ကျင်းပရန်တောင်းဆိုမှု တစ်ဒါဇင်ကျော်ခန့်ကို ငြင်းပယ်ခြင်း သို့မဟုတ် မတုံ့ပြန်ခဲ့ဟု သိရသည်။ 

ရှီကျင့်ဖျင်နဲ့ ဘလင်ကင်ကိုတွေ့ရစဉ်

အမေရိကန်ဘက်က ဘာကြောင့် စစ်ဘက်ဆက်သွယ်ရေးကို ထိန်းသိမ်းထားလိုရပါသလဲ
*********************************************************************************

အမေရိကန်နှင့် တရုတ်စစ်တပ်များ ပါဝင်သော မထိန်းသိမ်းနိုင်တော့မည့် မတော်တဆမှုမျိုး ဖြစ်လာမည်ကို အမေရိကန်နှင့် တခြားသော နိုင်ငံများက စိုးရိမ်နေသည်။

ပြီးခဲ့သည့် လများအတွင်း အကြောင်းအရာများစွာတို့ကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား တင်းမာမှုများ မှာ အရှိန်မြှင့်တက်လာသည်။ 

အမေရိကန်နယ်နိမိတ်တွင်းသို့ တရုတ်၏ ထောက်လှမ်းရေး မိုးပျံပူဖောင်းများ ရောက်ရှိလာခြင်း၊ နှစ်နိုင်ငံ ရေကြောင်းနှင့် လေကြောင်း ယာဉ်များ တိုက်မိလုနီးပါး ဖြစ်ခဲ့ခြင်းတို့ ပါဝင်သည်။ 

ဇွန်လ အစောပိုင်းတွင် တရုတ်စစ်သင်္ဘောတစ်စင်းသည် ထိုင်ဝမ် ရေလက်ကြားရှိ အမေရိကန်ဖျက်သင်္ဘော တစ်စင်းရှေ့သို့ ရုတ်တရတ် ဖြတ်ဝင်ခဲ့သောကြောင့် ထိခိုက်မှုကို ရှောင်လွဲနိုင်ရန် ဖျက်သင်္ဘောဘက်က အရှိန် လျှော့ပစ်ခဲ့ရသည်။ 

ထိုမတိုင်ခင်ရက်များကလည်း တရုတ်ဂျက်တိုက်လေယာဉ် တစ်စင်းသည် တောင်တရုတ်ပင်လယ်အတွင်းရှိ အမေရိကန် စစ်လေယာဉ် တစ်စင်းရှေ့မှ ပျံသန်းမှုလည်း ဖြစ်ခဲ့သေးသည်။ 

စစ်ရေးလေ့ကျင့်မှုဟု တရုတ်ဘက်က ပြောသော်လည်း အမေရိကန်ဘက်က ယင်းကို မလိုအပ်သော ရန်စမှုဟု သတ်မှတ်သည်။ 

အမေရိကန်သည် ၂၀၀၁ ခုနှစ်ကဲ့သို့ ဖြစ်ရပ်မျိုးကို ရှောင်လွဲလိုနေသည်။ 

ထိုအချိန်တုန်းက အမေရိကန် ရေတပ်လေယာဉ် တစ်စင်းနှင့် တရုတ် ကြားဖြတ် တိုက်လေယာဉ် တစ်စင်းတို့ ဟိုင်နန်ကျွန်း ကမ်းလွန်လေပြင်တွင် ဝင်တိုက်မိခဲ့ကြသည်။ 

ထိုဖြစ်စဉ်တွင် တရုတ်လေယာဉ်မှူး သေဆုံးခဲ့ကာ အမေရိကန်လေယာဉ်လည်း တရုတ်၏ ခွင့်ပြုချက်မရှိဘဲ ဟိုင်နန်သို့ အရေးပေါ် ဆင်းသက်ခဲ့ရသည်။ 

အမေရိကန်အတွက် အရေးကြီးဆုံး အရာမှာ ထိုကဲ့သို့ ဖြစ်ရပ်မျိုးကို ရှောင်လွဲလိုခြင်း ဖြစ်သည်ဟု စင်ကာပူ အမျိုးသားတက္ကသိုလ်၏ တရုတ်စစ်ရေးမူဝါဒဆိုင်ရာလေ့လာသူ လီနန်က ပြောသည်။ 

အမေရိကန်နဲ့တရုတ် စစ်သားများကိုတွေ့ရစဉ်

တရုတ်က အဘယ်ကြောင့် ရှောင်ဖယ်နေရပါသလဲ
***********************************************

အမေရိကန်နှင့် စစ်ဘက် ဆက်သွယ်မှုများကို ပြန်လည် စတင်ရန် ငြင်းဆန်နေရခြင်းမှာ အမေရိကန်ဘက်က ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကြောင့် ဖြစ်သည်ဟု တရုတ်မှ ပြောသည်။ 

ကာကွယ်ရေးဝန်ကြီး လီရှန်းဖူ အပေါ် ချမှတ်ထားသည့် အရေးယူမှုများကို ရည်ညွှန်းပုံရသည်။

ထိုအရေးယူမှုများသည် ရုရှားနှင့် ပတ်သက်နေကာ ရုရှားမှ စစ်လက်နက်ပစ္စည်းများကို တရုတ်၏ ဝယ်ယူမှုတွင် လီ၏ ပါဝင်နေမှုအတွက် ၂၀၁၈ ခုနှစ်တွင်ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

စစ်တပ်ချင်း အပြန်အလှန် ဆက်သွယ်ရန် ခက်ခဲနေရခြင်းကို အမေရိကန် အနေဖြင့်လည်း သေချာပေါက် သိရှိနေ မည် ဖြစ်ကြောင်း၊ အဓိကတစ်ချက်မှာ တရုတ်ကို ချမှတ်ထားသည့် တစ်ဘက်သတ် ပိတ်ဆို့မှုများကြောင့် ဖြစ် ကြောင်း၊ ထိုအရေးယူမှုများကို ဖယ်ရှားပြီးချိန်မှသာ စစ်တပ်အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေ အနေများကို ဖန်တီးသွားရမည်ဖြစ်ကြောင်း မြောက်အမေရိကအရေးဆိုင်ရာ တရုတ်နိုင်ငံခြားရေးဌာနအရာရှိတစ် ဦးက ပြောသည်။

လီသည် ယခုလ အစောပိုင်း စင်္ကာပူရှိ ကာကွယ်ရေးဖိုရမ်တစ်ခု၏ ဘေးဆွယ် အစည်းအဝေးတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး အော်စတင်နှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားမှုကို ငြင်းဆိုခဲ့သည်။ 

အရာရှိနှစ်ဦးသည် ဖိုရမ်အတွင်း တစားပွဲတည်းထိုင်ခဲ့သလို  ထိုမတိုင်ခင်ကလည်း ဆက်ဆွဲနှုတ်ဆက်ခဲ့ကသေး သည်။ 

ထိုသို့ လက်ဆွဲနှုတ်ဆက်ခဲ့ကြခြင်းက လုံလောက်သော အမူအရာတစ်ရပ် မဟုတ်ဟု အော်စတင်က ပြောသည်။ 

ညစာစားပွဲ၌ အချင်းချင်း ဖော်ရွှေစွာ လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းသည် ကောင်းမွန်သော  ထိတွေ့ဆက်ဆံမှုဟု ယူဆ ၍ မရကြောင်းလည်း ၎င်းက ပြောသည်။ 

လီနှင့်ပတ်သက်၍ အရေးယူ ပိတ်ဆို့မှုများ ချမှတ်ထားသည့်တိုင် ယင်းတို့က လီနှင့် အမေရိကန်အရာရှိများ အကြား တွေ့ဆုံဆွေးနွေးမှုကို အတားအဆီး မဖြစ်စေဟု အမေရိကန်ဘက်က ပြောသည်။ 

သို့သော် တရုတ်အရာရှိများ အနေဖြင့် ပြန်လည် ထိတွေ့ဆက်ဆံမှုအတွက် သဘောတူညီချက် မရသေးခင် အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ လူသိရှင်ကြား ပြင်ဆင်မှုကို လိုချင်နေပုံရသည်ဟု စင်္ကာပူ တက္ကသိုလ်မှ လီနန်က ပြောသည်။ 

တစ်စုံတစ်ယောက်ကို ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားပြီးနောက် ထိုတစ်စုံတစ်ယောက်နှင့် တွေ့ဆုံဆွေးနွေး လိုနေခြင်းသည် တရုတ်ဘက်က ကြည့်မည်ဆိုလျှင် မည်သို့မှ အဓိပ္ပါယ်ရှိမည် မဟုတ်ကြောင်းလည်း ၎င်းကပြော သည်။ 

တရုတ်သည် ၎င်းတို့ကိုယ်ပိုင် လွှမ်းမိုးမှုရှိရာ အစိတ်အပိုင်းတစ်ခုဟု သတ်မှတ်ထားသည့် အာရှ - ပစိဖိတ်ဒေသ အတွင်း နိုင်ငံများနှင့် နေတိုးအဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို မြင့်တက်လာခြင်းကိုလည်း သဘောကျပုံ မရ ဟု ဟောင်ကောင်တက္ကသိုလ်ရှိ တရုတ်အရေးလေ့လာမှုဆိုင်ရာ ပါမောက္ခတစ်ဦးဖြစ်သူ ဝီလီလမ်က ပြောသည်။ 

တရုတ်နဲ့အမေရိကန် ကာကွယ်ရေး၀န်ကြီး ၂ ဉီးကိုတွေ့ရစဉ်

နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် အမြင်တွင် မည်သည့် အခက်အခဲများ ရှိနေပါသလဲ
*************************************************************************

အင်အားကြီးနိုင်ငံများအကြား ယှဉ်ပြိုင်မှုသည် လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုမရှိဟု ဘလင်ကင်နှင့် တွေ့ဆုံပြီး ချိန်တွင် ရှီက ပြောခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဌာနက ထုတ်ပြန်သည်။ 

အရေးပါသော နည်းပညာများ တရုတ်ထံသို့ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခြင်းကဲ့သို့ အမေရိကန်နိုင်ငံ၏ တရုတ်နိုင်ငံ ဆိုင်ရာ မူဝါဒများအား တရုတ်ဘက်က ၎င်းတို့၏တိုးတက်မှုကို ထိန်းချုပ်ရန် ကြိုးပမ်းမှုများဟု ရှုမြင်ထားသည်။ 

အမေရိကန်နှင့် တရုတ်တို့သည် တစ်ဦးနှင့်တစ်ဦး အတိတ်မှ အကြောင်းအရာများကို ပြောဆိုလျက်ရှိကြောင်း၊ အင်အားကြီးနိုင်ငံ နှစ်ခုကြားတွင် မည်ကဲ့သို့ အပြန်အလှန် တုံ့ပြန်မှုရှိမည်လဲ ဆိုခြင်းတွင် အဆင့်မြင့် အရာရှိများ အကြား၌ သဘောတူညီမှု တစ်စုံတစ်ရာ မရှိသေးကြောင်း သိရသည်။

ထိုအခြေအနေက နှစ်နိုင်ငံလုံးအတွက် ရှေ့ဆက်ရန် အခက်အခဲများကို ဖြစ်စေမည်ဟု ယူဆကြောင်း ဘုရ်နှင့် အိုဘားမား အစိုးရများလက်ထက်တွင် အမျိုးသားလုံခြုံရေး အရာရှိတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ပေါလ်ဟန်လီ က ပြောသည်။ 

Source: AP