CNI News
၂၀၂၃ ခုနှစ်၊ ဧပြီ ၄
ဧပြီ ၃ ရက်နေ့က ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီ အရောင်းဆိုင်တချို့တွင် စက်သုံးဆီ မရှိသည့်အတွက် ကွန်ဒို များ၊ ဟိုတယ်များနှင့် စက်မှုဇုန်များသည် စက်သုံးဆီ ဝယ်မရသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ဟု လုပ်ငန်း ရှင်များထံမှ သိရသည်။
လက်ရှိတွင် ကွန်ဒိုများတွင် စက်သုံးဆီ ဝယ်မရခြင်းကြောင့် ကွန်ဒိုနေ လူထုမှာ အခက်အခဲများ ကြုံတွေ့နေရသလို ဟိုတယ်များတွင်လည်း စက်သုံးဆီ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟု စီးပွားရေးလေ့လာသုံးသပ်သူ ဦးသက်ဇော် က CNI သတင်းဌာနသို့ ပြောသည်။
ဦးသက်ဇော်က “အခုဟာက တော်တော်များများ ဟိုတယ်တွေရော၊ စက်မှုဇုန်ပိုင်းတွေရော နည်းနည်း ဆီဝယ်လို့ မရဘူး။ အခုဟာက ပြဿနာရှိတာက ဆီဆိုင်တွေမှာတောင် ဆီမရှိဘူး။ အခုက ငါတို့ ကွန်ဒိုမှာတောင် ဆီဝယ်လို့ မရဘူးဖြစ်နေတယ်။ အခုက ဟိုတယ်တွေမှာလည်း ဆီပြတ်နေတယ်” ဟု ပြောသည်။
ရန်ကုန်မြို့တွင်း မြင်ကွင်းကိုတွေ့ရစဉ်
လက်ရှိတွင် စက်သုံးဆီ ၁ လစာအတွက် အလုံအလောက် ရှိကြောင်း၊ ဖြန့်ဖြူးရာတွင် မူဝါဒပိုင်းဆိုင်ရာများကြောင့် အဆင်မပြေမှု ဖြစ်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းမှ တာဝန်ရှိ သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ပြောလို့ရတာတော့ ဆရာတို့ဆီမှာ ဆီတွေ အလုံအလောက် ရှိတယ် ၁ လစာ ရှိတယ်။ ဆီက ရှိတယ်။ ဒါပေမယ့် ဖြန့်ဖြူးတဲ့ နေရာမှာတော့ မူဝါဒလေးတွေပေါ့။ အဆင်ပြေအောင်တော့ ဆရာတို့ ကြိုးစားပေးနေတယ်။
တောက်လျှောက်တော့ လုပ်နေတယ်။ အဆင်မပြေဘူးဆိုတာလည်း ဆရာသိတယ်၊ ကြားရတယ်။ အဲဒီတော့ ဆီ ဆိုင်တွေမှာလည်းပဲ ဆီရရှိအောင်တော့ ပေးထားတယ်။ တချို့ကျတော့ ဆီဆိုင်က မန်နေဂျာက နားမလည်တာ လည်း ပါတယ်။ ဆီ မပြတ်အောင်တော့ စီစဉ်ပေးထားတယ်၊ ဒါပေမယ့် အဲဒီက မန်နေဂျာက မသိဘူး။ မသိတော့ ဆီပြတ်မလို ဖြစ်တာပေါ့။ ဆရာက ဒီလူကို ရောင်းပေးလိုက်ပါဆိုရင် အဲဒါ ဆရာ ဆီနည်းနေပြီဖြစ်တယ် ဆိုလို တာကလေ။ အဲဒါမျိုးတွေတော့ ရှိတာပေါ့” ဟု ပြောသည်။
စက်သုံးဆီ ဝယ်ယူရ အဆင်မပြေမှု ဖြစ်ပွားပြီးနောက်တွင် စက်သုံးဆီ ဈေးနှုန်းများလည်း အနည်းငယ် မြင့်တက် လာကြောင်း၊ ဧပြီလ ၃ ရက်နေ့တွင် အောက်တိန်း ၉၂ တစ်လီတာလျှင် ၂၁၀၅ ကျပ် ရှိရာမှ ဧပြီလ ၄ ရက်နေ့တွင် ၂၂၅၀ ကျပ်သို့ မြင့်တက်လာသည်ကို တွေ့ရှိရသည်။
ရန်ကုန်မြို့တွင်းက စက်သုံးဆီဆိုင် တစ်ဆိုင်ကိုတွေ့ရစဉ်
အလားတူ ပရီမီယံဒီဇယ် ဈေးနှုန်းသည်လည်း အနည်းငယ် မြင့်တက်သွားသည်ကို တွေ့ရသည်။
ထို့အပြင် တချို့သော စက်သုံးဆီဆိုင်များတွင် စက်သုံးဆီ အမျိုးအစား စုံလင်စွာ မရှိခြင်းနှင့် ဆီပြတ်လပ်မှုများ ဖြစ်ပေါ်နေသည်ဟုလည်း မော်တော်ယာဉ် မောင်းနှင်သူများထံမှ သိရသည်။
ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီး ရရှိချိန်သည် ယခင်ကထက် လျော့နည်းသွားပြီ ဖြစ်သည့်အတွက် လုပ်ငန်းများ လုပ်ကိုင်ရာတွင် မီးစက်များဖြင့် ပိုမိုလုပ်ဆောင်ကြရမည်ဖြစ်၍ စက်သုံးဆီ လိုအပ်ချက်မှာ ယခင်ကထက် များလာ မည်ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် ကမ္ဘာ့ရေနံ ထုတ်လုပ်မှုသည် လျော့နည်းလာသည့်အတွက် ရေနံဈေးနှုန်းများ မြင့်တက် လာနေ ကြောင်း၊ ထို့ကြောင့် ပြည်တွင်း စက်သုံးဆီ ဈေးနှုန်းများ ယခုထက် မြင့်တက်မည်ကို လုပ်ငန်းရှင်များက စိုးရိမ် နေကြသည်။