CNI Soprt News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၁၂

ကင်မရွန်းဂိုးသမား အိုနာနာဟာ တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းထံ ဒီရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီလို့ ယူနိုက်တက်အသင်းက အတည်ပြု ကြေညာခဲ့ပါတယ်။ 

အိုနာနာဟာ ယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ ၂ ရာသီအတွင်း ပုံမှန်လက်စွမ်း ပြသနိုင်ခြင်း မရှိသလို ဒီရာသီ အစ ပွဲစဉ်တွေမှာလည်း တူရကီဂိုးသမား ဘာယင်ဒါက သူ့ရဲ့နံပါတ်တစ် ဂိုးသမားနေရာကို ရယူနိုင်ခဲ့တာပါ။ 

အိုနာနာဟာ အစောပိုင်းက ယူနိုက်တက်အသင်းမှာ ဆက်နေပြီး ပွဲထွက်ခွင့် နေရာအတွက် တိုက်ပွဲဝင်မယ်လို့ ပြောထားပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းဟာ နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာ အန့်ဝါတ်အသင်းဂိုးသမား လမ်းမန်းစ်ကို ခေါ်ယူအားဖြည့်ခဲ့တာပါ။ 

အဲဒါကြောင့် အိုနာနာဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး တူရကီကလပ် ထရက်ဇွန်စပေါ် အသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။ 

 အိုနာနာကို တွေ့ရစဉ် 

ယူနိုက်တက်အသင်းဟာ အိုနာနာရဲ့ အငှား အပြောင်းအရွှေ့အတွက် ငှားရမ်းခရမှာ မဟုတ်ပေမယ့် သူ့ရဲ့လုပ်ခ လစာ အပြည့်အဝကို ထရက်ဇွန်စပေါ်က ပေးချေသွားမှာပါ။ 

ဒီအပြောင်းအရွှေ့မှာ အပြီးသတ်ဝယ်ယူဖို့ သဘောတူညီမှု မပါဝင်တဲ့အတွက် အိုနာနာဟာ နွေရာသီမှာ ယူနိုက်တက်အသင်းထံ ပြန်လာရမှာဖြစ်ပါတယ်။ 

ယူနိုက်တက်အသင်းက အိုနာနာရဲ့ အပြောင်းအရွှေ့ဟာ တူရကီ အပြောင်းအရွှေ့ ဈေးကွက် မပိတ်မီမှာ ပြီးမြောက် ခဲ့ပြီး သူကံကောင်းပါစေလို့ ဆုတောင်းကြောင်း သူတို့ရဲ့ကြေညာချက်ထဲမှာ ဖော်ပြထားတာပါ။ 

၂၀၂၃ နွေရာသီ အပြောင်းအရွှေ့မှာ အင်တာမီလန်အသင်းကနေ ပေါင် ၄၃.၈ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ အိုနာနာ ဟာ ယူနိုက်တက်အသင်းအတွက် ပွဲပေါင်း ၁၀၂ ပွဲ ပါဝင်ကစားခဲ့ပြီး FA ဖလားရယူနိုင်ခဲ့ပါတယ်။ 

ထရက်ဇွန်စပေါ်အသင်းဟာ ဒီရာသီ တူရကီလိဂ်ပွဲစဉ်မှာ ၄ ပွဲ ကစားထားပြီး ရမှတ် ၁၀ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာ ရပ်တည်နေကာ ဒီတစ်ပတ်လိဂ်ပွဲစဉ်အဖြစ် ဖီနာဘာချီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ 

Source: ESPN