CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၀

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအပါအဝင် အလုပ်လက်မဲ့နှုန်းထားမှာ များပြားလာ သဖြင့် အာဏာပိုင်များ၏ ဖမ်းဆီးစစ်ဆေးမှုသည်လည်း ယခင်ထက် ပိုမိုများပြားလာကြောင်း မလေးရှားတွင် နေထိုင်လျက်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

ယခုအဖမ်းအဆီးများသည် စီမံချက် အော်ပရာစီဖြင့် ဖမ်းဆီးခြင်းများပါဝင်သော်လည်း ၎င်းနိုင်ငံသားများ၏ တိုင်ကြားမှုများကြောင့် လာရောက်ဖမ်းဆီးခြင်းအား အဓိက မြင်တွေ့ရကြောင်း မလေးရှားတွင် မြန်မာများ အရေး ကူညီဆောင်ရွက်ပေးနေသူ မွှားမိုက်ကယ်က CNI သတင်းဌာနသို့ ပြောသည်။

“အလုပ်လက်မဲ့တွေနဲ့ လမ်းပေါ်မှာ အုပ်စု၊အုပ်စု သွားတာတွေ။ အဲဒါကြောင့် မြန်မာတွေကလည်း တော်တော် များများ ဝင်လာတယ်လေ။ အရင် Overstay တွေလည်း တော်တော်များများတော့ အလုပ်လက်မဲ့တွေဆိုတော့ မြန်မာဆိုင်သွားလိုက် အိမ်ပြန်လိုက် ဒီလိုပဲ လမ်းပေါ်မှာ အုန်းအုန်းနဲ့ ပတ်ဝန်းကျင်က complain တက်တာပေါ့ နော် ဒီနိုင်ငံသားတွေက။ အဲဒါကြောင့် အဖမ်းအဆီးက တအားတင်းကြပ်နေတယ်အခုက။ သူတို့ ဥပမာတစ်ခုက ရပ်ကွက်ကတိုင်လိုက်လို့ complain တက်လိုက်လို့ အဲဒီရပ်ကွက်ဆိုရင် အဲဒီရပ်ကွက်ကိုပဲ သူတို့က ဝင်တာ။ ဒီအတိုင်း လိုက်ပြီး ဖမ်းတာမျိုးတော့မရှိဘူး။ အခုက တော်တော်များများကလည်း တိုင်ချက်တွေက များတယ် လေ။ တိုင်ချက်ဖွင့်တဲ့နေရာလောက်ကိုပဲ ဖမ်းနေတာ တွေ့ရတယ်။ နေရာအတိအကျ ဘယ်လိုစိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ စက်ရုံရယ်လို့၊ စားသောက်ဆိုင်ရယ်လို့ အတိအကျပြောလို့မရဘူး။ စီးပွားရေးအနေအထား မကောင်းတာထက်ကို လူဦးရေအရမ်းများလာတယ်။ အရင်ထက်စာရင် မြန်မာလူဦးရေ နှစ်ဆလောက် တိုးပွား ပြီးတော့ ဝင်ရောက်လာတဲ့အတွက် ဒီနိုင်ငံမှာ အလုပ်မပေးနိုင်တော့ဘူး သူဌေးတွေက။ အဲဒါကြောင့် လူတွေ များပြားနေတာပေါ့ အလုပ်လက်မဲ့တွေ ဖြစ်နေတာပေါ့။ ပုံမှန်အတိုင်းကတော့ မလေးရှားအစိုးရ စီးပွားရေးက ပုံမှန်အတိုင်းလည်ပတ်နေတာပါပဲ။ နိုင်ငံတကာ အာရှမှာ အကုန်လုံးက စီးပွားရေးကျနေတဲ့အခြေအနေ ဖြစ်နေ တဲ့အတွက် နည်းနည်းတော့ စီးပွားရေးလည်း စက်ရုံတော်တော်များများ ပိတ်တာလည်း တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

မြန်မာပတ်စပို့ကိုင်ဆောင်ထားသူ တစ်ဦး

ထို့အပြင် လမ်းဘလောက်ချက်များ၌ ကားများ၊ ဆိုင်ကယ်များအား စစ်ဆေးမှုသည်လည်း ယခင်ကထက် ပိုမို များပြားလာကြောင်း သိရသည်။

လက်ရှိတွင် UNHCR အနေဖြင့် ဒုက္ခသည်ကဒ် လျှောက်ထားသူများအား ကဒ်ထုတ်ပေးရာတွင် ယခင်အတိုင်း ကြန့်ကြာမှုများရှိနေပြီး ကဒ်လျှောက်သူဦးရေနှင့် ကဒ်ထုတ်ပေးသည့် အချိုးအစားမှာ မမျှတကြောင်း ဒုက္ခသည် အရေးဆောင်ရွက်ပေးနေသူများအကြား ပြောဆိုမှုများလည်း ရှိသည်။

ထို့ကြောင့် လက်ရှိ ဖမ်းဆီးစစ်ဆေးမှုများသည့်ကာလတွင် UNHCR အနေဖြင့် ဒုက္ခသည်ကဒ်အား အများအပြား ထုတ်ပေးနိုင်မည်ဆိုပါက ပို၍ ကောင်းမွန်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံရှိ Arakanese Community Malaysia (ARRC) မှ ဒုတိယဥက္ကဋ္ဌ ကိုအောင်မင်းသူက CNI သတင်းဌာနသို့ ပြောသည်။

မလေးရှားရဲများမှ ရွှေ့ပြောင်းလုပ်သားများကို ဖမ်းဆီးခေါ်ဆောင်သွားစဉ်

“လမ်းသွားရင်တော့ ကိုယ့်မှာရှိတဲ့ အထောက်အထားကို ကိုင်သွားပါပေါ့နော်။ ပြီးတော့ ကိုယ့်အထောက်အထား ဆိုတဲ့ဟာ တစ်ခုခုကို ကိုယ်နဲ့သက်ဆိုင်တဲ့ မိသားစုကို ဥပမာ ကိုယ်က ပတ်စပို့ကိုင်ထားတယ်ဆိုရင် ပတ်စပို့ကို ကိုယ်နဲ့သက်ဆိုင်တဲ့ မိသားစုတစ်ယောက်ဆီကို ဓာတ်ပုံ ပို့ထားပါပေါ့။ ဥပမာ UN ကဒ် ကိုင်ထားတယ်ဆိုရင် UN ကဒ်ကို ကိုယ့်မိသားစုကို ဓာတ်ပုံပို့ထားပါ။ တစ်ခုခုဆိုရင် စုံစမ်းရတာ အဆင်ပြေအောင်အတွက်ပေါ့။ UN ကတော့ အရင်တုန်းကတော့ ကိုဗစ်ကာလနဲ့ ပိတ်ထားတယ်။ အခုတော့ ကိုဗစ်ကာလ ခွင့်ပြုလိုက်ပြီဆိုတော့ သူတို့ကတော့ အရင်ထက်တော့ မှတ်ပုံတင်တဲ့ကိစ္စတွေကို ပိုပြီးတော့ အလေးပေးဆောင်ရွက်နေတယ်။ ဒါပေမယ့် လူအုပ်က များတယ်ဆိုတော့ လိုတာထက် သတ်မှတ်စံချိန်တော့ မမီဘူးပေါ့။ မမီဘူးဆိုတာက ကိုယ်တွေက တောင်းဆိုတဲ့ လူက များနေတာဆိုတော့ သူတို့မှာလည်း ဝန်ထမ်းတွေ မလောက်တဲ့အပိုင်းတွေ၊ သူတို့ ထင်သလောက် မလုပ်နိုင် သေးဘူးဆိုတဲ့ အပိုင်းတော့ရှိတာပေါ့။ အဲဒီတော့ သူတို့ကမှာထားတာတော့ တစ်ခုရှိတယ်။ ရက်ချိန်းမပါရင် မလာနဲ့ပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့ကလည်း မြန်မာအလုပ်သမားအရေး အကူအညီပေးနေသည့် ဒေါ်သူဇာမောင် အပါ အဝင် မိသားစုဝင် ငါးဦးအား ကွာလာလမ်ပူမြို့နေအိမ်တွင် လူတစ်စုမှ ရဲတပ်ဖွဲ့ ဟန်ဆောင်ကာ လာရောက် ဖမ်းဆီးသွားပြီး ယနေ့အထိ ပျောက်ဆုံးနေခြင်းဖြစ်သည်။

၎င်းတို့ ပျောက်ဆုံးနေခြင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရန် အမှုဖွင့်ထားကြောင်း မလေးရှားရဲတပ်ဖွဲ့မှ ပြီးခဲ့သည့် ရက်ပိုင်းက ပြောကြားခဲ့ဖြင့် စစ်ဆေးမှုများမှာ ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်းလည်း မလေးရှားရောက် မြန်မာ များအသိုင်းအဝိုင်းက သုံးသပ်ကြသည်။