CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

လက်ရှိ မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွမှုကြောင့် မြန်မာငွေကို လက်ဝယ်မထားရှိဘဲ မော်တော်ကာများ ဝယ်ယူ ကာ ခိုင်မာအောင် လုပ်ဆောင်လာနေသည့်အတွက် ကားဈေးနှုန်းများသည် အဆမတန် မြင့်တက်လာနေကြောင်း သိရသည်။

မြန်မာငွေ တန်ဖိုး ကျဆင်းလာခြင်းကြောင့် ပြည်တွင်းရှိ လုပ်ငန်းရှင်များသည် အိမ်ခြံမြေ၊ ရွှေဈေးကွက်နှင့် ကား ဈေးကွက်များတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာကြသည်။

ထိုအထဲတွင် ရောင်းရလွယ်ကူသည့် ကားဈေးကွက် အတွင်း၌ ရင်းနှီးမြှုပ်နှံမှု ယခင်ကထက် ပိုများလာပြီး ရောင်းဝယ်မှု များပြားနေခြင်းကြောင့် ကားဈေးနှုန်းများ ပို၍ မြင့်တက်လာနေကြောင်း မော်တော်ကား ရောင်းဝယ်သူများထံမှ သိရသည်။

တချို့သော လုပ်ငန်းရှင်များသည် မြန်မာကျပ်ငွေကို လက်ဝယ်မထားရှိလိုသည့်အတွက် လိုအပ်သည့် ကားအစီးရေ ထက် ပို၍ ဝယ်ယူမှုများ ရှိနေကြောင်း၊ မြန်မာကျပ်ငွေ ထားရှိမည့်အစား အိမ်ခြံမြေ၊ မော်တော်ကား စသည့် ပစ္စည်း များကိုသာ လက်ဝယ်ထားရှိမှု များပြားလာနေသည်ဟု ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမင်းမင်းမောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဝယ်လိုက်တယ်ဆိုတာက တချို့လူတွေကျတော့ မြေဈေးကလည်း တအားတက်တယ်။ ရွှေကလည်း အရောင်းအဝယ်လုပ်ဖို့ နည်းနည်းလေး ခက်ခဲတဲ့အခါကျတော့ ဝယ်ရလွယ်ကူတဲ့ ကားတွေကို ဥပမာ အိမ်မှာ ၁ စီးလိုရင် ၂ စီး၊ ၃ စီး ထည့်ထားလိုက်တယ်။ ၂ စီးလိုတဲ့သူက ၄/၅ စီး ထည့်ထားလိုက်တယ်။ အဲဒီလိုမျိုး ဝယ်ရင်း ဝယ်ရင်းနဲ့ကို လိုအပ်ချက်က မြင့်လာတာကိုး။ လိုအပ်ချက်က မြင့်လာတယ် နောက်ပြီး ဒီလုပ်ငန်းထဲကို ဝင်ပြီး ရင်းနှီးမြှုပ်နှံတဲ့သူက များလာတယ်။ အဲဒါကြောင့်မို့လို့ ဝယ်လိုအား များတယ်ပေါ့နော်။ အကုန်လုံးက အရင်တုန်း က အရောင်းအဝယ်လုပ်တဲ့သူက အယောက် ၁၀၀ လောက် ရှိတယ်ဆိုရင် အယောက် ၂၀၀၀ လောက် ဖြစ်သွား တယ်။ အဲဒီလိုမျိုးလေးတွေ ကွာတာပေါ့။ အပြင်လိုအပ်ချက် လိုတဲ့သူတွေကလည်း ၁ စီးလိုရင် ၃ စီးလောက် ဝယ်  တယ်။ ၃ စီးလောက်လိုရင် ၅ စီးလောက် ဝယ်ထားတယ်။ အဲဒီပုံစံမျိုး ဖြစ်နေတယ်။ ဈေးတက်လာပြီဆို ပြန် ရောင်းကြတယ်။ အဲဒီလို ကစားနေတဲ့အခါကျတော့ လိုအပ်ချက် မြင့်လာတာပေါ့။ အဲဒါကြောင့် ဈေးတက်တာပေါ့။ အဓိကတော့ မြန်မာငွေကြေးက တည်ငြိမ်သလား၊ မတည်ငြိမ်သလားဆိုတာ ပြောဖို့ခက်တာပေါ့။ နောက်တစ်ခုက ငွေဈေးက ၃၂ တွေ ဖြစ်ပြီးတော့ အခုက နည်းနည်းလေး ၃၀၀၀ တစ်ပတ်လည်မှာတော့ ဖြစ်သွားတယ်။ ဒါပေမယ့် လူတွေရဲ့ လက်ထဲမှာက မြန်မာငွေ ထားမယ့်အစား ပစ္စည်းထားချင်တဲ့ လူတန်းစားတစ်ရပ်က များတော့ အဲဒါ ကြောင့်မို့လို့ အိမ်ခြံမြေတွေမှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြတယ်။ အိမ်ခြံမြေကျတော့ အရင်းအနှီးနည်းတော့ မြေ တွေ ဘာတွေမှာလည်း ရင်းကြတာပေါ့။ ကားကလည်း ထိုနည်းလည်းကောင်းပဲပေါ့။ အဲဒါကြောင့်မို့ ကျန်တာတော့ ဘာမဖြစ်ပါဘူး” ဟု ပြောသည်။

ကားအရောင်းစင်တာကိုတွေ့ရစဉ်

မော်တော်ကား ဈေးနှုန်းများ မြင့်တက်နေမှုကို အစိုးရအနေဖြင့် ထိန်းချုပ်၍ မရသော်လည်း ၂ နှစ်ကျော်ကြာ ပိတ်ထားသည့် ကားတင်သွင်းခွင့် မူဝါဒကို ပြန်လည်ခွင့်ပြုပေးမည်ဆိုပါက ကားဈေးနှုန်းများ ကျဆင်းလာမည်ဟု ကားမူဝါဒ ကျွမ်းကျင်သူများနှင့် ရောင်းချသူများက ပြောသည်။

ကားတင်သွင်းခွင့်နှင့် ပြည်တွင်းတွင် တပ်ဆင်ထုတ်လုပ်မှုများကို ခွင့်ပြုရန်အတွက် အစိုးရတွင် နိုင်ငံခြားအရံငွေ အလုံအလောက် ရှိမှသာ အဆင်ပြေနိုင်ကြောင်း ထောက်ပြကြသည်။

လက်ရှိတွင် နိုင်ငံခြားငွေ အကျပ်အတည်းကြောင့် ကားတင်သွင်း ခွင့်ကို အစိုးရက ခွင့်ပြုပေးမည် မဟုတ်ခြင်း ကြောင့် မော်တော်ကားဈေးနှုန်းများသည် ဆက်လက် မြင့်တက်နေမည်ဟု ကားမူဝါဒ လေ့လာသုံးသပ်သူ ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကားဈေးနှုန်းကို ကျစေချင်ရင် ကားတွေ ပေါပေါများများ သွင်းနိုင်အောင် အစိုးရက လုပ်ပေးမလား၊ သို့မဟုတ်ရင် ကားထုတ်လုပ်ခွင့်တွေ ပိုပြီးတော့ ခွင့်ပြုမလား၊ ဒါပေမယ့် သွင်းနိုင်အောင် လုပ်ပေးတာရော၊ ပြည်တွင်းမှာ ထုတ်လုပ်ခွင့် လုပ်ပေးတာရော၊ ၂ ပိုင်းလုံးအတွက် အစိုးရက ဒေါ်လာတွေ အသုံးပြုရတော့မယ်။ ပြည်တွင်းမှာ ထုတ်လုပ်မယ်ဆိုလည်း ပြည်ပကနေ ပစ္စည်းတွေဝယ်ရင် နိုင်ငံခြားငွေ ထုတ်သုံးရတော့မယ်။ တင်သွင်းခွင့် ပြုမယ်ဆိုရင် နိုင်ငံခြားငွေတွေ ပြည်ပကို အမြောက်အများ ထွက်သွားတော့မယ်။ အဲဒီထွက်မယ့် အမြောက်အများကို အစိုးရအနေနဲ့ ပေးဖို့အတွက် ဗဟိုဘဏ်မှာ နိုင်ငံခြားငွေ အရံသင့် ရှိသလားဆိုတာက ဆက်ပြီးတော့ မေးရမယ်။ သုံးသပ်မိသလောက်တော့ အဲဒီလောက်ထိ ကားဈေးနှုန်း ကျသွားလောက်အောင် အစိုးရအနေနဲ့ မလုပ်နိုင်ဘူးလားဆိုတော့ လုပ်နိုင်တယ်။ Mark II တစ်စီးကို သိန်း ၁ ထောင်လောက် ဖြစ်နေတယ် ၂၀၀၈၊ ၂၀၀၉။ သမ္မတ ဦးသိန်းစိန် တက်လာတယ် ၂၀၁၀၊ ၁၁ မှာ သိန်း ၂၀၀ လောက် ကျသွားတယ်။ ဒါက ကား တင်သွင်းခွင့်တွေ ပြုလိုက်တယ်။ ပေါ်လစီတွေ ပြောင်းလိုက်တယ်။ အဲဒီကာလမှာ နိုင်ငံခြားအရံငွေ အများကြီး ထုတ်သုံးတယ်။ ပြီးတော့ ပြည်ပကနေ ကြွေးမြီတွေ လျှော့ချလိုက်တယ်။ ဒီပမာဏ ဖြစ်သွားတယ်။ လက်ရှိ ကာလမှာတော့ ပြည်ပကလည်း sanctions ပိတ်လိုက်တယ်။ ကြွေးမြီတွေ လျှော့ချဖို့ မပြောနဲ့ ဖိအားပေးမှုတွေ အစိုးရက ခံနေရတဲ့အခါမှာ နိုင်ငံခြားငွေကတော့ ကားတင်သွင်းခွင့်ရော၊ ကားပိုမို ထုတ်လုပ်ခွင့်ရော အစိုးရက ယာယီခွင့်ပြုပေးမှာ မဟုတ်သေးဘူး။ မဟုတ်သေးတဲ့အတွက် ကားဈေးနှုန်းကတော့ တက်တဲ့အပိုင်းမှာ ရှိမယ်” ဟု ပြောသည်။

မြန်မာ့ဆိပ်ကမ်းရောက်ကားများကိုတွေ့ရစဉ်

ထို့နောက် နိုင်ငံခြားငွေ လိုအပ်ချက် အကြောင်းပြချက်ဖြင့် ဝန်ထမ်းပါမစ် အပါအဝင် ပြည်ပမှ မော်တော်ကား တင်သွင်းခွင့် အားလုံးကို ပိတ်ထားသည်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ကတည်းကပင် ဖြစ်ကြောင်း သိရ သည်။

ထို့နောက် ပြည်တွင်းတွင် SKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်နေသည့် မော်တော်ကားများ ရှိသော်လည်း လိုအပ် သည့် အစိတ်အပိုင်း တင်သွင်းခွင့် မရသည့်အတွက် ထုတ်လုပ်မှု မတွင်ကျယ်ဘဲ ဖြစ်နေကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပမှ ကားတင်သွင်းခွင့် အနေဖြင့် EV လျှပ်စစ်ကား တစ်မျိုးတည်းသာ တင်သွင်းခွင့် ပြုထားသည် ကို တွေ့ရသည်။