CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၈

မြန်မာနိုင်ငံ၏ ရှေးဟောင်းသမိုင်းဝင်ဘုရားများရှိရာ ဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဆောက်လုပ်ပြီး ရပ်နားထားရသည့် လေယာဥ်ကွင်းစီမံကိန်းမှာ ၈ နှစ်ခန့်ကြာနေပြီသော်လည်း ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများ မရှိကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စီမံကိန်းကို  ၂၀၁၅ ခုနှစ်က စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အစိုးရမှ ဘတ်ဂျက် မချပေးသည့် အတွက် ရပ်နားထားရခြင်းဖြစ်ကြောင်း မြောက်ဦးမြို့နယ်မှ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးထွန်းလှိုင်က CNI သတင်း ဌာနကို ပြောသည်။

“NLD ငါးနှစ်အုပ်ချုပ်ခဲ့တဲ့အချိန်က စပြီးတော့ လုံးဝထောက်ပံ့မှုကို ရပ်ဆိုင်းသွားတယ်။ အဲ့ဒီနေရာ လျော်ကြေး တွေလည်း ပေးပြီးသား။ စနစ်တကျ ခြံစည်းရိုးတွေလည်း ခတ်ပြီးသား။ လုပ်ငန်းစတင်ဖို့ဆိုပြီး လုပ်ထားတယ်။ ဒါပေမယ့် အဲ့ဒီလုပ်ငန်းစတင်ဖို့အတွက် နိုင်ငံတော်က ပံ့ပိုးမှုကို လုံးဝရပ်ဆိုင်းလိုက်တော့ အဲ့လေယာဥ်ကွင်းဟာ လည်း ဒီအတိုင်း မြက်တောကြီးဖြစ်နေတယ်။ နိုင်ငံတော်အထောက်အပံ့နဲ့မှ ဆောက်လို့ရမယ့်ဥစ္စာ ဒီအတိုင်း သာမာန်အရင်းအနှီးနဲ့ သီအိုရီစနစ်နဲ့ ကုမ္ပဏီတွေကိုပေးလို့လည်း တော်ရုံတန်ရုံ ကုမ္ပဏီက လုပ်နိုင်မှာမှ မဟုတ်တာ”ဟု ပြောသည်။

မြောက်ဦး လေယာဥ်ကွင်းစီမံကိန်းကို ပြန်လည်လည်ပတ်ရန် ငွေကြေးလိုအပ်သလို အဆိုပါ စီမံကိန်း အောင်မြင် ပြီးစီးပါက ဒေသအတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး အဆင်ပြေနိုင်ကြောင်း မြောက်ဦးမြို့နယ် ညောင်ပင်ဈေး အုပ်ချုပ်ရေးမှူး ဦးမြသာထွန်းက CNI ကို ပြောသည်။

“ပြန်လို့ထူထောင်မယ်ဆိုရင် ငွေကြေးက တအားအများကြီးကုန်မယ်လို့ ထင်တယ်။လေယာဉ်ကွင်းရရင်တော့ ပြည်သူလူထုအတွက် ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိမယ်လို့ ပြောလို့ရတယ်။ ပြန်ပြီးတော့လိုချင်တယ်။ ဒီလေယာဥ်ကွင်းရှိရင် လမ်းပန်းဆက်သွယ်ရေးတွေ ပိုကောင်းမွန်လာမယ်။ခရီးသွားတွေလည်း မြန်ဆန်မယ် ကျန်းမာရေးကိစ္စတွေလည်း တအားအဆင်ပြေမယ်”ဟု ၎င်းက ပြောသည်။

မြောက်ဦးမြို့အဝင်ဆိုင်းဘုတ်(ဓါတ်ပုံ-RFA)

ယခုလို စီမံကိန်းအား အကောင်ထည်ဖော်မဆောင်ရွက်နိုင်ခြင်းသည် ဒေသအတွင်းလုံခြုံရေးနှင့်လည်း သက်ဆိုင်ကြောင်း ရခိုင်ပြည်နယ် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက CNI သတင်းဌာနကို ပြောသည်။

“အဲဒီလိုလည်း မဟုတ်ဘူး။အဲ့လောက်လည်းမဟုတ်ပြန်ဘူး။အဲ့လိုလည်းမလွယ်ကူသေးဘူး။အဓိက လုံခြုံရေးဘာတို့ညာတို့နဲ့လည်း ဆိုင်တယ်”ဟု ပြောသည်။

ရပ်တန့်နေသော မြောက်ဦးလေယာဉ်ကွင်းကို ဆက်လက်ပြီး အကောင်အထည်ဖော်တည်ဆောက်နိုင်ရေးအတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး (ပထမ)နေ့တွင် မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က အဆိုတစ်ရပ်တင်းသွင်းခဲ့ကြောင်းသိရသည်။

အဆိုပါလေယာဉ်ကွင်းကို ဦးသိန်းစိန်အစိုးရလက်ထက် နောက်ဆုံးဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၅-၂၀၁၆ နှစ်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ကျပ်သန်းပေါင်း ၂၀၀၀ နှင့် ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် ကျပ်သန်းပေါင်း ၂၀၀၀ စုစုပေါင်း ကျပ်သန်းပေါင်း ၄၀၀၀ တို့ဖြင့် ဆုထူးဇံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သော်လည်း ၂၀၁၇- ၂၀၁၈ ခုနှစ်တွင် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရဆီမှ ချပေးသော ရန်ပုံငွေမှာ အလွန်နည်းပါးသောကြောင့် မြောက်ဦးလေယာဉ်ကွင်း တည်ဆောက်ရေးလုပ်ငန်းများအား ဆက်လက်တည်ဆောက်ခြင်းမပြုလုပ်ဘဲ တစ်ဝက် တစ်ပျက်ဖြင့် ရပ်ဆိုင်းထားလိုက်ခြင်းဖြစ်သည်။

မြောက်ဦးလေယာဉ်ကွင်း စီမံကိန်းအတွက် ခန့်မှန်းကုန်ကျငွေမှာ ကျပ် ၂၅ ဒသမ ၆၁ ဘီလီယံဖြစ်ကြောင်း သိရသည်။