CNI New 

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅

နစကသည် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အကောင်အထည်ဖော်နေခြင်းက ငွေကြေးဖောင်းပွမှုနှင့် ငွေစက္ကူ ရိုက်ထုတ်မှုကို လျှော့ချနိုင်ရေးအတွက် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

နစကသည် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အကောင်အထည်ဖော်မည်ဆိုလျှင် အင်တာနက်လိုင်းများ ကောင်းမွန် အောင် လုပ်ဆောင်ပေးရန် လိုအပ်သလို တစ်နိုင်ငံလုံးကို လွှမ်းခြုံသည့် ကွန်ယက်ကို တည်ဆောက်ပေးရန်လို ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ် သုံးစွဲသူများ၏ လုံခြုံရေးကို အားကောင်းရေးကိုလည်း တည်ဆောက်ပေးရန် လိုအပ်ကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများ မကောင်း၍ ဒစ်ဂျစ်တယ် ငွေကြေးသုံးစွဲမှုများ အဆင်မပြေဖြစ်နေ သလို Pay စနစ်များ၌ ဟက်ခံရပြီး ငွေများ ဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ် သုံးစွဲသူ များ၏ ငွေများကို ဟက်သွားသူများအား ဖမ်းဆီး အရေးယူပေးနိုင်မှုများလည်း အားနည်းနေကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ် ဝန်ဆောင်မှုများကို ကောက်ခံရမှာလည်း သတ်မှတ်နှုန်းထားများမရှိဘဲ ကောက်ခံချင်သလို ကောက် ခံနေကြကြောင်း ပြည်သူများက ထောက်ပြကြသည်။

 MMQR စနစ်ကို မိတ်ဆက်နေစဉ် 

အစိုးရအဆက်ဆက် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို တည်ဆောက်ရန် ကြိုးပမ်းခဲ့ကြကြောင်း၊ နစကသည် ငွေကြေး ဖောင်းပွမှုကို လျှော့ချနိုင်ရန်အတွက် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းနေခြင်း ဖြစ်နိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဒီဟာကတော့ ကျနော်တို့က အရင်ထဲကလည်း အစိုးရအဆက်ဆက် လုပ်ဖို့ကြိုးစား နေကြတာပါပဲ။ ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း လုပ်တာပါပဲ။ ထိုင်းမှာလည်း လုပ်တယ်၊ တရုတ်မှာဆိုလည်း ကျနော်တို့ ခရီးတွေ ဘာတွေသွားလို့ ဝယ်လာခဲ့ပြီဆိုရင် ဒီပစ္စည်းတွေ ဘာတွေဆိုရင် ဒါဖုန်းထဲကနေ scan ဖတ်ပြီးပေးတယ်၊ ဒါမျိုးတွေ လုပ်ကြတာပါပဲ။ ဒါပေမယ့် နစက ဒီအချိန်မှာ လုပ်ချင်တာကတော့  ကျနော့်အထင်ကတော့ နှစ်ပိုင်းရှိ တယ်ပေါ့။ တစ်ပိုင်းကတော့ ပုံမှနပဲ ဒါကမ္ဘာ့ငွေကြေး ပြောင်းလဲမှုတွေနဲ့ အပါအဝင် ကျနော်တို့ လွယ်ကူလျှင် မြန်မာငွေ ပေးချေမှုတွေနဲ့ လုံခြုံစိတ်ချရမှုတွေအတွက် ပြောရင်တော့ တိုးတက်တဲ့ အရွေ့တစ်ခုကို လိုက်ပါ ရွေ့လျားတာပေါ့။ ဒုတိယအပိုင်းကတော့ ကျနော်တို့ ဒီငွေကြေးဖောင်းပွမှု ပြဿနာ၊ ငွေစက္ကူ ရိုက်ထုတ်ရမှု ပြဿနာတွေကို လျှော့ချနိုင်မယ့် အနေအထားမျိုးလို့တော့ မြင်တယ်။ သေချာတာ တစ်ခုကတော့ digital curre ncy တစ်ခုကို သွားပြီဆို ရင်တော့ ကျနော်တို့က ဗဟိုဘဏ်ရဲ့ ငွေကြေးအသစ် ရိုက်ထုတ်ရမှုက နည်းသွားပြီးတော့ ဒီကိန်းဂဏန်းတွေ အရပဲ။ ကျနော်တို့က သွားတော့မှာ ဖြစ်ပါတယ်။ အဲတော့ ဒီအပိုင်းကိုလည်း အစိုးရအနေနဲ့ ထိန်းချုပ်ကိုင်တွယ်ချင်တဲ့ အပိုင်းလို့ ကျနော့် အနေနဲ့မြင်တယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို နိုင်ငံ့ လူဦးရေ ၁၅ ရာခိုင်နှုန်းလောက်ကသာ သုံးနိုင်ပြီး ၈၅ ရာခိုင်နှုန်းက မသုံးစွဲနိုင်ဘူးဆိုလျှင် လုပ်ငန်းအောင်မြင်ရန် ခက်ခဲကြောင်း စီးပွားရေးလေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ 

ဒစ်ဂျစ်တယ် ငွေကြေးစနစ်၏ လုံခြုံရေးပိုင်းနှင့်ပတ်သက်ပြီး အပြင်ကနေ ဟက်ကာ(Hacker)လုပ်ခြင်းသည် အတွင်းရှိ ဝန်ထမ်းများကနေ လုပ်နေခြင်းက ပိုမိုများပြားနိုင်ကြောင်း၊ ဒစ်ဂျစ်တယ် ငွေကြေးစနစ်၏ လုံခြုံရေးကို ဂရုစိုက်ရန်လိုအပ်ကြောင်း စိုက်ပျိုးရေးနှင့်စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။

နစကဥက္ကဋ္ဌကို MMQR စနစ်အကြောင်း ရှင်းပြနေစဉ်

၎င်းက “အမှန်တိုင်း ပြောရရင်တော့ အပြင်ကနေ ဟက်တာထက်လေ အတွင်းကနေ ဝန်ထမ်းတွေ ကနေပြီးတော့ မှ လုပ်နေတဲ့ဟာတွေက ပိုများမယ်လို့တော့ ထင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒါမျိုးကိစ္စတွေကျတော့ သူတို့က public sharing တွေက သိပ်မရှိဘူးလေ။ public ကို announce လုပ်တဲ့ဟာမျိုးတွေက အရမ်းရှားတယ်။ နောက် အဓိက,ကတော့ သူတို့က ဟိုးလေးတကြော် ဖြစ်တဲ့ကိစ္စလောက်သာ ဒါသိခွင့်ရှိတာပေါ့၊  public ကလေ။ ဆိုတော့ တကယ်တမ်းတော့ အပြင်က hacker တွေ hack တာမျိုးထက်ကို ဟိုဟာလေ ဒီအခုဖြစ်နေတဲ့ ပြဿနာတွေက အတွင်းက ဘဏ်ဝန်ထမ်းကနေ လုပ်တဲ့ဟာမျိုးတွေလည်း ရှိတယ်။ နောက်တစ်ခုကတော့ ခုနက ဒီအားလုံး သိပြီး သား အွန်လိုင်း  ကျားဖြန့်ပေါ့။ ဒါကကျတော့လည်း public awareness နဲ့ဆိုင်သွားပြီပေါ့”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံတကာတွင် အွန်လိုင်းငွေလိမ်လည်ဂိုဏ်းများသည် ဒစ်ဂျစ်တယ် ငွေကြေစနစ် ကနေ အွန်လိုင်းငွေလိမ်လည်မှုများ ပြုလုပ်နေကြသလို ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို သက်ဆိုင်ရာလုပ်ငန်းများရှိ ဝန်ထမ်းများဖြင့် ပူးပေါင်း၍ ဟက်ခံရခြင်းများကြောင့် ငွေကြေး ဆုံးရှုံးမှုများ ရင်ဆိုင်နေကြရသည်။

အလားတူ မြန်မာနိုင်ငံ တစ်ဝန်းတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် အင်တာနက်လိုင်းများ မရရှိ ကြသလို လျှပ်စစ်မီး ဖြတ်တောက်မှုများ ခံနေရခြင်းကြောင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် မြို့ကြီး များမှ လွဲ၍ ကျန်နယ်ဒေသများတွင် ဒစ်ဂျစ်တယ် ငွေကြေးစနစ်ကို အသုံးပြုရန် အလွန်ခက်ခဲလျက်ရှိနေသည်။

နစကသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ငွေပေးချေမှုအတွက် National QR Standard ဖြစ်သည့် MMQR ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်မိတ်ဆက်ခဲ့သည်။ 

အဆိုပါ မြန်မာကျူအာ(MMQR) စနစ်သည် နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ် ငွေပေးချေမှု ကျူအာကုတ်စနစ်ဖြစ် သည်။