CNI New

၂၀၂၅ ခုနှစ်၊ ဇူလိူင် ၁၆

မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရေးအတွက် ဆွေးနွေးနေရုံဖြင့် မရဘဲ လိုအပ် သော ဥပဒေများ ပြဋ္ဌာန်းရန်နှင့် ပြင်ဆင်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

အိန္ဒိယနိုင်ငံ၊ မွမ်ဘိုင်းဆိပ်ကမ်းကနေ ရန်ကုန်ဆိပ်ကမ်းကို ချိတ်ဆက်မယ့် ကုန်သွယ်ရေးလမ်းကြောင်းသစ်အား ဖော်ဆောင်ရန်အတွက် ရုရှားနိုင်ငံ၏ ရော့စ်ကွန်ဂရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံ‌ငွေအဖွဲ့နှင့် နစက၏ ပို့ဆောင်ရေးဝန်ကြီး တို့ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ 

ဆွေးနွေးပွဲလုပ်ရုံနှင့်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်သွားခြင်းမဟုတ်သောကြောင့် လက်တွေ့အကောင်ထည်ဖော် မူဆိုသည့်အပိုင်းက အဓိကကျတယ်ဟု စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNIသတင်းဌာနသို့ ပြောသည်။ 

၎င်းက “တိုင်းပြည်တစ်ခုမှာ ဆွေးနွေးပွဲတွေ လုပ်နေရုံနဲ့လည်း တိုင်းပြည်ဖွံဖြိုးတိုးတက်သွားတာ မဟုတ်ဘူးပေါ့။ ဘယ်လိုပဲပြောပြော လက်တွေ့ အကောင်ထည်ဖော်မှုဆိုတဲ့ အပိုင်းက ပိုပြီးတော့ အဓိကကျတာဖြစ်ပါတယ်။ ဒါပေမယ့် ဆွေးနွေးပွဲအပြီး လက်တွေ့ အကောင်အထည်ဖော်ရမယ့် အပိုင်းကို ဦးစားပေးပြီးတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ဆိပ်ကမ်း‌တွေ ကျနော်တို့မှာ ရှိတယ်၊ ပင်လယ်ထွက်ပေါက်တွေ ကောင်းတယ်။ ကျနော်တို့က အားကောင်းတယ်။ ပြီးတော့ အာရှ၊ ဥရောပ ချိတ်ဆက်ဖို့အတွက်ကို လမ်းကြောင်းတွေ အများကြီးပွင့်ခဲ့တာတွေ ရှိတယ်။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီကုန်သွယ်မှုကဏ္ဍမှာ နောက်ကောက်ကျခဲ့ရတဲ့ အခြေအနေတွေ အများကြီး ဖြစ်ခဲ့ရတယ်။ အခွင့်လမ်းကောင်းတွေ ရခဲ့ပေမဲ့လည်း ကျနော်တို့မှာက နိုင်ငံရေးအခြေနေမျိုးတွေ၊ ဒေသ မတည်ငြိမ်မှု ဖြစ်တာမျိုးတွေ ကျနော်တို့ အစိုးရအဆက်ဆက်ပေါ့။ ယုံကြည်မှု ခိုင်မာအောင် တည်ဆောက်မှု အပိုင်းမှာ၊ နိုင်ငံတကာနဲ့ ချိတ်ဆက်မှု အပိုင်းမှာ အားနည်းချက်တွေရှိခဲ့တာ ဖြစ်ပါတယ်”ဟု ပြောသည်။

နစကဥက္ကဋ္ဌနဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်

နစကသည် ရုရှားနှင့် အိန္ဒိယ ချိတ်ဆက်ထားသော ပင်လယ်ရေကြောင်းကို အသုံးပြုပြီး ရန်ကုန်ဆိပ်ကမ်းလမ်း ကြောင်းအား အသုံးပြုနိုင်ရန်အတွက် ရုရှားနှင့်ဆွေးနွေးနေခြင်း ဖြစ်သည်။ 

လက်ရှိတွင် နစကနှင့် ရုရှားသည် စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးကို တိုးမြှင့်နေသလို စီးပွားရေး ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးများ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း မြှင့်တင်နေသည်။

နစကသည် မြန်မာနိုင်ငံတွင် လျှပ်စစ်မီးလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် ၁၁၀ မီဂါဝပ် အားရှိသော နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရန် ရုရှား၏ အကူအညီကို ရယူနေသလို ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ပြန်လည် စတင်နိုင်ရန်အတွက်လည်း ရုရှားနှင့် ပူးပေါင်းလျက်ရှိသည်။

ကုန်သွယ်မှု လွယ်ကူချောမွေ့စေရန် အစိုးရအနေနှင့် ပြုပြင်ထိုက်သည့် ဥပဒေများကိုလည်း ပြုပြင်ရန်လိုအပ် ကြောင်း၊ တချို့ဥပဒေများက ဘောင်မဝင်တော့သည့် အခြေအနေများ ဖြစ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ပြည့်စုံက CNI သတင်းဌာနသို့ ပြောသည်။

 နစက၏ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ရုရှားဆွေးနွေးစဉ် 

၎င်းက “ပြည်ပနဲ့ချိတ်ဆက်တဲ့ အဆင့်တွေကို လွယ်ကူလျှင်မြန်အောင် ကျနော်တို့က ဆောင်ရွက်ပေးသလို ပြည်တွင်းမှာလည်း ကုန်သွယ်မှုက လွယ်ကူချောမွေ့ဖို့ လိုအပ်ပါတယ်။ ဟိုးထိပ်မှာပဲ သွားပြီးတော့ လွယ်ကူအောင် လျင်မြန်အောင် ဆောင်ရွက်ပေးပါ့မယ်၊ ကျနော်တို့ နိုင်ငံနဲ့ ကုန်သွယ်မှုကိုလုပ်ပါ။ ကျနော်တို့က ဘယ်လို ကုန်သွယ် ပေးပါ့မယ်ပဲပြောပြော ဒီကုန်သွယ်တဲ့ နိုင်ငံတွေကို ပို့ဖို့ပစွည်းတွေက အဆင့်တန်းမီမီ၊ ကွာလတီမီမီ၊ စံချိန်စံနှုန်းမီမီ နဲ့ ထုတ်လုပ်နိုင်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ဥပမာ သီးနှံဆိုလည်း သီးနှံလိုက် သူတို့သတ်မှတ်ထားတဲ့ ဒီ GAP စနစ်တွေနဲ့ ထုတ်လုပ်နိုင်ဖို့ အစရှိသဖြင့်ပေါ့နော်။ ဒီ GAP စနစ်တွေနဲ့ ထုတ်လုပ်နိုင်ဖို့ ဒီလိုမျိုး ထုတ်လုပ်နိုင်ဖို့၊ ကွာလတီမီတဲ့၊ အရည်သွေးမီတဲ့ ၊စံချိန်စံနှုန်းန်းမီတဲ့ ကုန်ပစွည်းတွေ အစားအသောက်တွေ ဖြစ်လာတော့မှပဲ တစ်ဖက် နိုင်ငံတွေနဲ့ စကားပြောလို့ရမှာ ဖြစ်ပါတယ်။ ဒီကုန်သွယ်မှု လမ်းကြောင်း တစ်လျှောက်လုံး လွယ်ကူ ချောမွေ့ဖို့အတွက် အစိုးရအနေနဲ့ ပြုပြင်သင့် ပြုပြင်ထိုက်တဲ့ ဥပဒေတွေကိုလည်း ပြုပြင်ဖို့လိုအပ်တယ်။ ဒီလို ဆွေနွေးပွဲတွေကနေ တချို့ ဥပဒေတွေက ကျနော်တို့ ခေတ်နဲ့ဘောင်မဝင်တော့တာတွေ၊ စံမမီတော့တာတွေ ရှိတယ်။ ကုန်သွယ်ရေးဆိုင်ရာ ဥပဒေတွေ၊ စည်းမျည်းစည်းကမ်းတွေ ဒါတွေကို ကျနော်တို့က အမြန်ဆုံး ပြင်ဆင် ပြီးတော့ ကုန်သွယ်နေတဲ့ ကုန်သည်ရဲ့အသံတွေ ကုန်ထုတ်လုပ်သူ တောင်သူလယ်သမားတွေ အပါအဝင် ထုတ်လုပ်သူတွေရဲ့ အသံတွေ၊ စက်ရုံလုပ်ငန်းရှင်တွေရဲ့ အသံတွေ၊ နောက်ဆုံး ဒီစက်ရုံတွေမှာ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေ၊ ဒီအသံတွေ အားလုံးကို နားထောင်ပြီးသွားတော့ တကယ်လိုအပ်တဲ့ အချက်တွေကို အမြန်ဆုံး ပြောင်းလဲနိုင်မှပဲ ရလဒ်ကောင်းမယ်”ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ထိုင်း၊ စင်္ကာပူ၊ တရုတ်၊ ရုရှား၊ အိန္ဒိယ စသည့် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများလုပ်ရန် နစက နှင့်တွေ့ဆုံ ဆွေးနွေးနေသည်။

အလားတူ ဘယ်လာရုစ်နိုင်ငံနှင့်လည်း ရင်းနှီးမြှုပ်နှံရေး၊ စိုက်ပျိုးရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးလျက် ရှိသည်။