နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး နစကနှင့် ရုရှား လက်မှတ်ရေးထိုး

CNI News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆

နျူကလီးယားစွမ်းအင် ပူးပေါင်းဆောင်ရွက်ရေး ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရှေးရှင်း (Rosatom State Corpo rations)နှင့် နစက၏ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတို့အကြား စက်တင်ဘာ ၆ ရက်နေ့တွင် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံပိုင် အဏုမြူကော်ပိုရေးရှင်း Rosatom State Corporations ၏ အမှုဆောင်အရာရှိချုပ် Mr.Alexey Evgenievich Likhachev ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံ၍ နျူကလီးယား စွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်များတွင် အတွေ့အကြုံနှင့် နည်းပညာများကို လေ့လာခွင့်ရရှိနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်နိုင်ငံ ပြည်သူလူထုအကျိုးရှိစေနိုင်မည့်ကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ နျူကလီးယား စွမ်းအင်ကို နိုင်ငံသူ/သားများ၏ လူမှုဘဝ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းစွာ အသုံးပြု နိုင်ရန် ပူးပေါင်းဆောင်ရွက်မှုအတွက် လုပ်ငန်းစဉ်များ(Road Map)ချမှတ်ဆောင်ရွက်မည့် အစီအစဉ်များကို လည်း ဆွေးနွေးခဲ့ကြောင်း နစကဘက်က ထုတ်ပြန်ခဲ့သည်။

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က နစကဥက္ကဋ္ဌနှင့် Mr. Alexey Evgenievich Likhachev တွေ့ဆုံ ဆွေးနွေးကြစဉ်

အလားတူ နျူကလီးယားစွမ်းအင်ကို လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကဲ့သို့သော လုပ်ငန်း အပါအဝင် သိပ္ပံနှင့် သုတေသန စမ်းသပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ စက်မှုကဏ္ဍနှင့် ကဏ္ဍပေါင်းစုံတွင် အကျိုးရှိစွာ အသုံးပြု ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် Mr. Alexey Evgenievich Likha chev တို့ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ ဆွေးနွေးမှုများ အပြီးမှာတော့ နှစ်ဖက်ရှေ့ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ နှစ်ဖက်ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးခဲ့ကြသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) တက်ရောက်ရန် ရုရှားနိုင်ငံသို့ စက်တင်ဘာ ၄ ရက်က ရောက်ရှိလျက်ရှိပြီး စက်တင်ဘာ ၈ ရက်နေ့အထိ ရုရှား ခရီးစဉ် အဖြစ်သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။