CNI News
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၆

မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နျူကလီးယား နည်းပညာ သတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် တည်ဆောက်၍ ယနေ့ (ဖေဖော်ဝါရီ ၆ ရက်) နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စင်တာဖွင့်ပွဲကို နစကဥက္ကဋ္ဌနှင့်အတူ ရုရှားဖက်ဒရယ်ရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း ROSATOM State Corporations ၏ ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရယ်ရေးရှင်း သံအမတ်ကြီး H.E.Mr. Nikolay LISTOPADOV တို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နစကဥက္ကဋ္ဌက “ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ဗလာဒီဗော့စတော့မြို့တွင် ကျင်းပခဲ့သည့် သတ္တမ အကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်ကာလအတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာနနှင့် ROSATOM တို့အကြား ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်တွင် နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာ အသုံးပြုမှု ပူးပေါင်းဆောင်ရွက်ရေး လမ်းပြမြေပုံကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါကြောင်း၊ ယနေ့တွင်လည်း နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးတော့မည် ဖြစ်ပါတယ်”ဟု ပြောသည်။

ထို့နောက် နျူကလီးယားနှင့် ဓာတ်ရောင်ခြည်နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍများတွင် အသုံးချနိုင်သည့်အတွက် နိုင်ငံ၏ နျူကလီးယား အခြေခံ အဆောက်အအုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံ ညှိနှိုင်းဆွေးနွေးကာ လို အပ်သည့် နျူကလီးယားဘေးအန္တရာယ် ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ် အခြေအနေတုန့်ပြန် ဆောင် ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)၏ မှတ်တိုင်ပါ အချက် ၁၉ ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောသည်။

ညွှန်ကြားရေးမှူးချုပ် Mr. Alexey Evgenievich Likhachev “နျူကလီးယား နည်းပညာ အသုံးပြုခြင်းအားဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍ၊ စက်မှုလုပ်ငန်းနှင့် စီးပွားရေးတို့တွင် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး သဘာဝသိပ္ပံ၊ ပညာရေးနှင့် နည်းပညာသင်ကြားရေးတို့ ဖွံ့ဖြိုးတိုးတက်မှုအတွက်လည်း အားကောင်းသည့် တွန်းအား တစ်ခုဖြစ်လာမည်”ဟု ပြောသည်။

ထို့နောက် နျူကလီးယားဓာတ်အားပေး စက်ရုံတည်ဆောက်ရေးကိစ္စရပ်များတွင် အရည်အချင်း ပြည့်မီသည့် ကျွမ်းကျင်ပညာရှင်များ လိုအပ်မည်ဖြစ်ပြီး ပညာရှင်လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း မိမိတို့အနေဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နျူကလီးယားဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရလဒ်နှင့် အရည်အသွေးကို စိတ်ကျေနပ်မှုရရှိစေရေး အစွမ်းကုန်ကြိုးစား ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။