CNI International News

နယူးဒေလီ၊ ဖေဖော်ဝါရီ ၇

အကြီးစားပြင်ဆင်မှုများ လုပ်ဆောင်ပြီးနောက် အိန္ဒိယနိုင်ငံသည် INS Vikramaditya လေယာဉ်တင် သင်္ဘောကို ရေချမှုပြန်လည် ပြုလုပ်ရန်ပြင်ဆင်နေပြီဟု အေပီသတင်းတွင် ဖော်ပြထားသည်။

တရုတ်ဘက်မှ လှုပ်ရှားမှုများအား တန်ပြန်ရန်အတွက် ဒေသတွင်း ရေတပ်အင်အားကို ခိုင်မာစေရေး ကြိုးပမ်းမှု အဖြစ် အိန္ဒိယနိုင်ငံသည် လေယာဉ်တင်သင်္ဘောနှစ်စင်း စေလွှတ်နိုင်ရေး ခြေလှမ်းပြင်နေသည်။

ရုရှားထံမှ ရရှိထားသော ဆိုဗီယက်ခေတ်သင်္ဘော Vikramaditya သည် မကြာခင် ရေချနိုင်ကာ ယခင် ရှိပြီးသား INS Vikrant သင်္ဘောနှင့် သွားရောက် ပူးပေါင်းနိုင်တော့မည်ဟု ယူဆရသည်။

သင်္ဘောနှစ်စင်းစလုံးကို လာမည့်နှစ်တွင် အပြည့်အဝ တာဝန်ထမ်းဆောင် နိုင်စေရေး ရည်ရွယ်ထားသည်။

တရုတ်ရေတပ်ကိုတွေ့ရစဉ်(GETTY IMAGES)

ယင်းက အိန္ဒိယ၏ နိုင်ငံပြင်ပ ဧရိယာများ အထူးသဖြင့် အိန္ဒိယသမုဒ္ဒရာအတွင်း တပ်အင်အား ဖြည့်ထားရေး အတွက် သိသာထင်ရှားသော တိုးတက်မှုဖြစ်သည်ဟု လန်ဒန်အခြေစိုက် အင်ဒို-ပစိဖိတ် ကာကွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဗီရတ်ဂျ် ဆိုလန်ကီ (Viraj Solanki) က ပြောသည်။

၎င်းသည် အိန္ဒိယအတွက် အိန္ဒိယသမုဒ္ဒရာအတွင်း တရုတ်နိုင်ငံအား တန်ပြန်ရေး စွမ်းအင်ကို ပြသနိုင်ရန် ရွေးချယ် စရာ တစ်ခုဖြစ်စေသည်ဟုလည်း ဗီရတ်ဂျ် ဆိုလန်ကီက ဆက်လက် ပြောကြားသည်။

တရုတ်၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ရေတပ်သည် တိုးချဲ့ရေးနှင့် ခေတ်မှီအောင် ဆောင်ရွက်ရေး တို့ကို ဆယ်စုနှစ် တစ်ခုကျော်ကြာ လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် ကမ္ဘာ့အကြီးဆုံး ဖြစ်လာခဲ့သည်။

ဇွန်လတွင် ပထမဆုံးသော ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောကို ရေချနိုင်ခဲ့သည်။ ယင်းက သုံးစီးမြောက် လေယာဉ်တင် သင်္ဘောလည်း ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် လှုပ်ရှားနိုင်သည့် ရေတပ်ဖြစ်ရေ၊ အင်အားနှင့် ဧရိယာကို တိုးချဲ့ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ခုအဖြစ် ထိုသို့ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် PLA သည် ပဲ့ထိန်းနှင့် ခရုစ်ဒုံးကျည် နည်းပညာကိုလည်း ကြီးမားသော ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်ခဲ့သည်။

သီရိလင်္ကာ၏ ဟန်ဘန်တိုတာဆိပ်ကမ်းကိုတွေ့ရစဉ်(GETTY IMAGES)

ထို့ကြောင့် ၎င်းတို့သည် ရေပေါ်၊ ရေအောက် တပ်ဖွဲ့များမှတစ်ဆင့် မြေပြင်ပေါ်ရှိ ပစ်မှတ်များကို ပစ်နိုင်စွမ်းရှိသည့် တာဝေးပစ် စွမ်းရည်မျိုးကိုပင် မကြာခင် အချိန်အတွင်း ရရှိလာလိမ့်မည်ဟု အမေရိကန် ကာကွယ်ရေးဌာနက ပြောသည်။

တရုတ်သည် အိန္ဒိယသမုဒ္ဒရာအတွင်းသို့ လေယာဉ်တင် သင်္ဘောများ စေလွှတ်ထားခြင်း မရှိသေးသော်လည်း မကြာခင်တွင် ပြုလုပ်လာဖွယ် ရှိသည်။

တရုတ်သင်္ဘောများသည် ဒေသတွင်း ပုံမှန်လည်ပတ်နေခြင်းအပြင် တရုတ်အစိုးရသည် အိန္ဒိယသမုဒ္ဒရာအတွင်း သို့ အလွယ်တကူ ဝင်ရောက်ခွင့်အတွက် အာဖရိကဦးဂျိုဒေသရှိ ဒီဂျီဘူတီ (Djibouti) တွင် ပထမဆုံးသော နိုင်ငံ ခြား စခန်းတစ်ခုကို ဖွင့်လှစ်ထားသည်။

တရုတ်သည် အိန္ဒိယတောင်ပိုင်း ကမ်းလွန်ရှိ သီရိလင်္ကာ၏ ဟန်ဘန်တိုတာ(Manbantota) ဆိပ်ကမ်းတွင် သင်္ဘောတစ်စင်း ကမ်းကပ်ခဲ့ခြင်းဖြင့် သြဂုတ်လတွင် အိန္ဒိယကို အချက်ပေးမှု လုပ်ဆောင်ခဲ့သည်။

ထိုသင်္ဘောကို ထောက်လှမ်းရေးသင်္ဘောဟု အိန္ဒိယက သတ်မှတ်ခဲ့သည်။

တရုတ်နိုင်ငံကဲ့သို့ပင် အိန္ဒိယသည်လည်း နျူကလီးယား ပိုင်ရှင်နိုင်ငံ တစ်ခုဖြစ်ကာ ကြည်း၊ ရေ၊ လေ နျူကလီးယား သုံးမျိုးပေါင်း အစိတ်အပိုင်းတစ်ခုအဖြစ် နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည်ပါ ရေငုပ်သင်္ဘောများကို တည်ဆောက်လျက်ရှိသည်။

Source: AP