CNI News

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအလွန်ကာလမှာ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) တို့၏ အခန်းကဏ္ဍ ဘယ်လိုဖြစ်လာနိုင်သလဲ ဆိုသည့်အပေါ်  ပြည်တွင်း/ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား သုံးသပ်မှု များ ရှိနေကြသည်။

ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှစ်မျိုးလုံးသည် တပ်မတော်နှင့် ပတ်သက်ဆက်နွယ်ကြပြီး ပြည်သူ့စစ် သည် တပ်မတော်လက်အောက်တွင်ရှိသော လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့(BGF)ကမူ တပ်မတော်နှင့်အတူတွဲ၍ နယ်မြေလုံခြုံရေးကို ဆောင်ရွက်သော လက်နက်ကိုင် အင်အားစု ဖြစ်သည်။

ရွေးကောက်ပွဲပြီးနောက် လက်ရှိ နစကအလွန် တက်လာမည့် အစိုးရသစ်လက်ထက်တွင် နယ်ခြားစောင့်တပ်ဖွဲ့ (BGF)မှာ ဆက်လက်ရှိနေနိုင်ပြီး ပြည်သူ့စစ်များကိုမူ လိုအပ်သည့် နေရာများတွင်သာ ဆက်လက် ထားရှိနိုင် ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

 ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်နယ်အတွင်းက ပြည်သူ့စစ်ခေါင်းဆောင်တွေ လားရှိုးမြို့မှာ တွေ့ဆုံကြစဉ်

၎င်းက “ပြည်သူ့စစ် ဆိုတာကတော့ တပ်မတော်လက်အောက်မှာ ရှိပါတယ်။ တပ်မတော် လက်အောက်မှာရှိတဲ့ အခါကြတော့ အဲဒါကိုတော့ ကျနော့်အနေနဲ့ လိုအပ်တဲ့နေရာမှာ ဆက်ထားလိမ့်မယ်။ မလိုအပ်တဲ့နေရာ ငြိမ်းချမ်း တဲ့ နယ်မြေတွေမှာကြရင်တော့ ဖြုတ်ကောင်းဖြုတ်လိမ့်မယ် ပြည်သူ့စစ်တွေကိုတော့။ BGF ဆိုတာကတော့ တပ်မတော်နဲ့တွဲပြီးမှ နယ်မြေလုံခြုံရေးကို ဆောင်ရွက်တဲ့လူတွေ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်ခါတည်း ဖွဲ့စည်းပုံက ပါနေတဲ့အတွက်ကြောင့် ဆက်ထားမယ်လို့ မြင်တာပေါ့။ ပြည်သူ့စစ်ကိစ္စကတော့ နယ်မြေတည်ငြိမ် အေးချမ်းသွားပြီ ဘာပြီဆိုရင်တော့ အခု ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက် နှိမ်နင်းရေးဆိုပြီး ဖွဲ့ထားတယ်လေ။ အဲဒီ ပုံစံနဲ့ သွားကောင်းသွားနိုင်တယ်။ ဟိုတုန်းကလည်း ဖြစ်ခဲ့ဖူးပါတယ်။ နယ်မြေငြိမ်းချမ်းသွားပြီဆိုရင် ပြည်သူ့စစ်ကို လက်နက်ဖြုတ်သိမ်းလိုက်တဲ့ အပိုင်းလေးတွေရှိတာပေါ့” ဟု ပြောသည်။

၂၀၂၁ ခုနှစ် နိုင်ငံရေးအခင်းအကျင်း အပြောင်းအလဲ ဖြစ်ပြီးနောက်တွင် ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်ဖွဲ့(BGF) နှင့် မြန်မာ့တပ်မတော်ကြား ယုံကြည်မှုပိုင်း အားနည်းလာကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြ ကြသည်။

ကိုယ်ကျိုးစီးပွားကိုသာ ကြည့်၍ အလုပ်လုပ်ကြသည့်အခါတွင် ပွတ်တိုက်မှုမှာ ပို၍ အားကြီးလာသောကြောင့် နောင်တက်လာမည့် အစိုးရအနေဖြင့် ယခုကိစ္စကို အဓိကထား ဖြေရှင်းရမည်ဟု မြင်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ(TNDP) မှ ဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အလုပ်လုပ်တဲ့အခါ မယုံကြည်ကြဘူးဆိုတာက ခေါင်းဆောင်ပိုင်းမှာ အဓိက သွားကျပါတယ်။ အောက်ခြေ ကတော့ အကျိုးစီးပွားကိုကြည့်ပြီ အလုပ်လုပ်ကြတာကို။ ပွတ်တိုက်မှုတွေက ပိုအားကြီးလာတာ။ အခု နိုင်ငံတော် အတွက် အလုပ်လုပ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အားလုံးသဘောတူညီကြရင် ဒီပွတ်တိုက်မှုက ရှိစရာ အကြောင်းမရှိဘူး။ အခုကြတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက လက်နက်ကိုင်လိုက်တာနဲ့ပဲ ကိုယ်ကျိုးစီးပွားအတွက် ရှာတယ်၊ ပြည်သူတွေကို ဖိနှိပ်တယ်၊ ရသမျှအားလုံးကို ကိုယ့်အိတ်၊ သူ့အိတ်ထည့်ကြတဲ့ အခါကြတော့ အဲဒီမှာ ပွတ်တိုက်မှု တွေ ရှိတာပါ။ နောက်တက်လာမယ့်အစိုးရက ဒီကိစ္စကိုတော့ အဓိကထားပြီး ဖြေရှင်းရမယ်လို့ ကျနော့် အနေနဲ့ မြင်တယ်။ ဘာကြောင့်ဆို သူဒီကိစ္စကို မဖြေရှင်းနိုင်ဘူးဆိုရင် ပြည်သူက အစိုးရကို ထပ်မုန်းမှာပါပဲ။ ပြည်သူ့စစ်နဲ့ တပ်မတော်နဲ့ ကိစ္စမှာ တပ်မတော်က သူ့သားအရင်းလို ဖြစ်နေတာ။ ပြည်သူ့စစ်ကတော့ တဆင့်ခံပေါ့နော်။ ဖြုတ်သိမ်းရင် ပြည်သူ့စစ်တွေကိုပဲ ဖြုတ်သိမ်းပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော်သည် ၂၀၀၉ ခုနှစ်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့(BGF) အဖြစ်သို့ အသွင်ကူးပြောင်းရေး လုပ်ငန်းကို ကြေညာခဲ့သည်။

ထို့နောက် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာကရင် တပ်မတော်(DKBA)၊ ကချင်လွတ်လပ်ရေး တပ်မတော် (KIA တပ်မဟာ-၄)၊ ကချင်ဒီမိုကရေစီသစ်တပ်မတော်(KDA)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်/တပ်မတော် (PLO/PLA)၊  ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) အပြင် တခြားသော လက်နက်ကိုင်များအတွင်းမှာ EAOs အတိုင်း ဆက်လက်ရပ်တည်မည့်အဖွဲ့နှင့် ပြည်သူ့စစ် သို့မဟုတ် BGF ပြောင်းလဲ ဖွဲ့စည်းမည့် အဖွဲ့ဆိုကာ ဖြစ်လာခဲ့ကြ သည်။

၂၀၁၀ ပြည့်နှစ်တွင် DKBA မှ ခေါင်းဆောင်တစ်ဦးဖြစ်သော စောချစ်သူသည် နယ်ခြားစောင့်တပ်အဖြစ် ကူးပြောင်းရန် သဘောတူညီခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ PNO ထူထောင်ခဲ့သူ ခွန်အောင်ခမ်းထီးကိုတွေ့ရစဉ်

ထို့အတူ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)ကနေလည်း ၂၀၁၀ ပြည့်နှစ်က စိန်ကျော့ နှင့်ကာလိ ပြည်သူ့စစ်များ ပေါ်ပေါက်လာခဲ့သည်။

ထို့ပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေလည်း ကောင်းခါးပြည်သူ့စစ်နှင့် တခြားသော အဖွဲ့များ ပေါ်ပေါက်လာခဲ့သလို ခွန်အောင်ခမ်းထီး ဦးဆောင်သော အုပ်စုကလည်း ၂၀၁၀ ပြည့်နှစ်မှာ ပအိုဝ်းပြည်သူ့စစ် (PNO)ကို ပြောင်းလဲခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်အဖွဲ့ပေါင်း ရာနှင့်ချီရှိသလို BGF အနေဖြင့်လည်း ရခိုင်ပြည်နယ်၊ ကရင်ပြည် နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ အများအပြားရှိသည်။

သို့သော် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်တွင် ပေါ်ပေါက်လာခဲ့သော ၁၀၂၇ စစ်ဆင်ရေးနှင့် ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းနင်းနှင်ရေး လုပ်ငန်းစဉ်များအတွင်းမှာ တပ်မတော်လက်အောက်ရှိ ပြည်သူ့စစ်နှင့် BGF များကြား ညီညွတ်မှုအားနည်းကာ ပွတ်တိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။

ထို့ကြောင့် နစက ကျင်းပမည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ရွေးကောက်ပွဲအလွန် အစိုးရသစ် လက်ထက်တွင် ပြည်သူ့စစ်နှင့် BGF များ အခန်းကဏ္ဍကို ဘယ်လို ကိုင်တွယ်မလဲ အပြင် မြန်မာ့ တပ်မတော်က အစဉ်အစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO)များကို ပြည်သူ့စစ် သို့မဟုတ်  BGF ပြောင်းရန် ဆွေးနွေးမှုများသည် အခက်အခဲဖြစ်လာနိုင်သလားဆိုကာ ပြည်တွင်း/ပြည်ပမှ စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက သုံးသပ်နေကြသည်။