CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅

ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ပေးခြင်းက ပဋိပက္ခကို ပိုကြီးလာစေကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ လက်နက်ကိုင်ပဋိပက္ခကို အရှိန်မြှင့်တင်လာနိုင်ပြီး လျှော့ချ၍ မရဖြစ်သွားနိုင်ကြောင်း၊ ပဋိပက္ခကြောင့် ထွက်ပေါ်လာသော တိုက်ပွဲရှောင်များကိုလည်း အကူအညီပေးရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ဒါကတော့ တစ်ပြည်လုံးမူပဲဗျ၊ TNLA နဲ့မှ မဟုတ်ဘူး။ ဟိုးမြောက်ပိုင်းမှာရှိတဲ့ PDF နဲ့ KIO ပေါင်းတဲ့ အဖွဲ့တွေကိုလည်း ရှမ်းနီဆိုတဲ့ ပြည်သူ့စစ်နဲ့ ပူးတွဲလုပ်တာရှိတယ်၊ နောက်ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ ပုံစံအမျိုးမျိုးသော ပြည်သူ့စစ်တွေကိုလည်းပဲ ဆွဲထည့်တာ ရှိတယ်၊ ကျနော်တို့ရဲ့ ရှမ်းတောင်မှာဆိုရင်လည်းပဲ ပြည်သူ့စစ်တွေ များပါတယ်၊ ပအိုဝ်းပြည်သူ့စစ်၊ ဟိုမိန်းပြည်သူ့စစ် စသဖြင့်ပေါ့ဗျာ၊ ပြည်သူ့စစ်တွေ အများကြီးပဲ ပါဝင်နေကြတယ်ဗျ၊ ဒါကြောင့် နောက်ဆုံးကြတော့ ပဋိပက္ခက မြင့်တက်လာတာပဲ ရှိပြီးတော့ အရှိန်လျှော့ချလို့ မရတော့တဲ့ အခြေအနေမှာ ဖြစ်သွားနိုင်တာပေါ့၊ ဒါကြောင့် ကျနော်တို့က အဲဒီပဋိပက္ခကို လျှော့ပေးပါ၊ မလျှော့နိုင် ဘူးဆိုရင်လည်း ပဋိပက္ခကြောင့် ထွက်ပေါ်လာတဲ့ ဒုက္ခသည်တွေကိုလည်း ကူညီစောင့်ရှောက်ဖို့ သူတို့က လုံခြုံမှု ပေးဖို့ အစားအသောက်၊ ရိက္ခာ၊ ဆေးဝါးပေးဖို့ အဲဒီဟာကိုလည်းပဲ NCA ထိုးထားတဲ့ အဖွဲ့တွေက လုပ်နေရတဲ့ သဘောမျိုး ရှိပါတယ်၊ အဲဒါကတော့ NCA ငြိမ်းချမ်းရေး လိုချင်တယ်၊ ပဋိပက္ခမလိုချင်ဘူး။ အဲဒါကြောင့် ပဋိပက္ခက ထွက်လာတဲ့ ဆိုးကျိုးတွေပေါ့၊ နောက်ဆက်တွဲ ဆိုးကျိုးတွေပဲ NCA လက်မှတ်ထိုးတဲ့ အဖွဲ့တွေကတော့ လုပ်ကိုင်ဖို့ နည်းနည်း လမ်းသာတဲ့အတွက် လုပ်ပေးနေရတာပေါ့၊ humanitarian assistance ဆိုလည်း ရှာပေးနေရတာပေါ့၊ အဲဒီလိုတော့ ရှိပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗန်းမောက်မြို့မ ပြည်သူ့စစ်ကို တပ်မတော်က လက်နက်တပ်ဆင်ပေးနေစဉ်

လက်ရှိတွင် မြန်မာ့တပ်မတော်သည် နိုင်ငံအနှံ့အပြား၌ ပြည်သူ့စစ်သင်တန်းများ ပေးနေသလို လက်နက်တပ်ဆင် ပေးမှုများ ရှိလာသည်။

လတ်တလောတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့မပြည်သူ့စစ်၊ ပဲခူးတိုင်းဒေသကြီး ပြည်သူ့စစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့မပြည်သူ့စစ် အဖွဲ့များကို လက်နက်များ တပ်ဆင်ပေးလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့တွင် မြန်မာ့တပ်မတော်က ပြည်သူ့စစ်သင်တန်းများပေးကာ လက်နက် တပ်ဆင်မှုများ ရှိလာပြီး လုံခြုံရေး ကင်းလှည့်မှုများ ရှိနေကြောင်း ဗန်းမောက်မြို့ခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဟိုနေ့က‌တော့ တွေ့လိုက်တာတော့ ပြည်သူ့စစ်လား၊ ဗျူစောထီးလား၊ ဘာလားတော့ မသိဘူး။ ဝတ်စုံ အသန့်လေးတွေနဲ့ သပ်သပ်ရပ်ရပ်လေးတွေနဲ့ မြို့ထဲ ကင်းလှည့်နေတာတော့ တွေ့တယ်၊ သေနတ်ကြတော့ မောင်းပြန်သေနတ်တွေ မဟုတ်ဘူး။ တစ်ထောင့်ထိုးသေနတ်တွေ သူတို့ တပ်ကြပ်တို့ ဘာတို့ပဲ အဲဒီလောက်ပဲ မောင်းပြန်တွေကိုင်တာ၊ တစ်ထောင့်ထိုးလေးတွေ တစ်မျိုးလေး သူတို့ကိုင်တဲ့ သေနတ်တွေက အယောက် ၂၀ လောက်တော့ ရှိမယ်ထင်တယ်၊ ကင်းလှည့်နေကြတာ၊ ဝတ်စုံတွေလည်း စစ်သားအစိမ်းတွေ မဟုတ်ဘဲနဲ့ အဝါဖက် နည်းနည်းသမ်းတယ်၊ အဲဒီလို ပျောက်ကြားကိုမှ အဝါနည်းနည်းသမ်းပြီးတော့မှ အဲဒီလိုလေး သပ်သပ်ရပ်ရပ်လေး ဖိနပ်တွေကလည်း ရွံ့တွေ မပေထားဘူး။ ပြည်သူ့စစ်လား၊ ဘာလားတော့ မသိဘူး။ အဲဒီလို ကင်းလှည့်နေတာ တော့ တွေ့တယ်” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ ဌာနေ ပြည်သူ့စစ် ခေါင်းဆောင်များ တွေ့ဆုံစဉ်

နယ်မြေလုံခြုံရေးအတွက် တပ်မတော်နှင့် ဒေသခံများ ပူးပေါင်းရန် လိုအပ်ကြောင်း၊ တပ်မတော်က သင်တန်း ပေးထားသည့် ပြည်သူ့စစ်များကိုလည်း လက်နက်အပြည့်အစုံ ထောက်ပံ့ရန်လိုသည်ဟု ရှဒူးဇွပ် ပြည်သူ့စစ် ခေါင်းဆောင် မင်းဇေသန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “နယ်မြေဒေသတွေ လုံခြုံဖို့အတွက်ဆိုလို့ရှိရင် နယ်မြေကျွမ်းကျင်တဲ့ ဒေသခံတွေရဲ့ အားအများကြီး လိုတာ ပေါ့နော်၊ နယ်မြေကျွမ်းကျင်တဲ့ ဒေသခံတွေအနေနဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီးမှ လက်နက်ကို စည်းနဲ့ကမ်းနဲ့ ကိုင်လာပြီးဆိုရင်တော့ ဒေသငြိမ်းချမ်းလာမှာပေါ့နော်၊ အဓိကတော့ လက်နက်ကို စနစ်တကျ ကိုင်တွယ် တတ်ဖို့ ရယ်၊ လက်နက်ခဲယမ်း ကောင်းဖို့လည်း လိုတာပေါ့နော်၊ တပ်မတော်အနေနဲ့လည်း ပြည်သူ့စစ်တွေ ဖွဲ့ပေးတဲ့အခါ မှာ ခေတ်လွန် လက်နက်တွေ မဖြစ်ဖို့လိုတာပေါ့နော်၊ ကျနော်တို့ လက်ရှိ အခြေအနေမှာ ရင်ဆိုင်ရတဲ့ ရန်သူဟာ ဘယ်လိုပဲပြောပြော ကျနော်တို့လို ဒေသမှာဆို လက်နက်ခဲယမ်း တော်တော်အင်အားကြီးတဲ့ ရန်သူတွေနဲ့ ရင်ဆိုင် ရတာကို” ဟု ပြောသည်။

လက်ရှိတွင် တပ်မတော်က ထောက်ပံ့ပေးထားသော ရပ်ရွာအခြေပြု ပြည်သူ့စစ်၊ ဌာနေပြည်သူ့စစ်နှင့် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့များမှ အသွင်ကူးပြောင်းလာသော ပြည်သူ့စစ်များ ရှိနေပြီး မြန်မာ့တပ်မတော်နှင့် ပူးတွဲ စစ်ဆင်ရေးများလည်း လှုပ်ရှားလျက်ရှိနေသည်။