CNI International News
ဝါရှင်တန်၊ အောက်တိုဘာ ၆
အမေရိကန်နိုင်ငံ တောင်တက္ကဆက်ဒေသ (South Texas) တွင် နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ဖက်ဒရယ်ဥပဒေ ၂၆ ခုကို ဖြေလျှော့ကြောင်း သမ္မတဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့က ကြေညာခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုကြေညာချက်သည် ဘိုင်ဒန် အစိုးရအဖွဲ့အနေနှင့် သမ္မတအုပ်ချုပ်ရေး အမိန့်ကို ပထမဆုံးအကြိမ် အသုံးပြုမှုဖြစ် ပြီး ယခင်သမ္မတ ဒေါ်နယ်ထရမ့် (Donaln Trump) လက်ထက်ကမူ သမ္မတ အုပ်ချုပ်ရေးအမိန့်ကို မကြာခဏ အသုံးပြုခဲ့သည်။
နယ်စပ်တံတိုင်း ဆောက်လုပ်ရေးအတွက် အသေးစိတ် အချက်အလက်အချို့နှင့်အတူ အမေရိကန်အမိမြေ လုံခြုံရေးဝန်ကြီးဌာန (Department of Homeland Security-DHS)က အမေရိကန် ဖက်ဒရယ် မှတ်ပုံတင်ရုံး (US Federal Registry) တွင် အစီအရင်ခံစာ တစ်စောင် တင်ခဲ့သည်။
အမေရိကန်နဲ့ မက္ကစီကို နယ်စပ် တံတိုင်းကို တွေ့ရစဉ်
အစိုးရ၏ အချက်အလက်များအရ ယခုဘဏ္ဍာနှစ်အတွင်း ရီယို ဂရန်ဒီ တောင်ကြား ဒေသ (Rio Grande Valley) မှဖြတ်ပြီး နိုင်ငံပေါင်း ၂၁ နိုင်ငံမှ တရားမဝင် ဝင်ရောက်မှုပေါင်း ၂၄၅,၀၀၀ ခန့်ရှိသည်ဟု သိရသည်။
"အမေရိကန်နိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှုတွေကို တားဆီးဖို့အတွက် နယ်စပ်ဒေသအနီး တစ်ဝိုက်မှာရှိတဲ့ လမ်းတွေနဲ့ အတားအဆီးတွေ တည်ဆောက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်"ဟု DHS ဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ် (Alejandro Mayorkas) က နို့တစ်စာတွင် ပြောကြားခဲ့သည်။
DHS က ဖြေလျှော့ပေးခဲ့သည့် ဖက်ဒရယ် ဥပဒေများထဲတွင် လေသန့်ရှင်းရေး အက်ဥပဒေ၊ သန့်ရှင်းသည့် သောက်သုံးရေ အက်ဥပဒေနှင့် မျိုးသုဉ်းပျောက်ကွယ်မည့် မျိုးစိတ်များ အက်ဥပဒေတို့ ပါဝင်ခဲ့သည်။
ထို့အပြင် နယ်စပ်တံတိုင်း တည်ဆောက်ရေးအတွက် ၂၀၁၉ ခုနှစ်က လွှတ်တော်မှ ချပေးခဲ့သည့် ရန်ပုံငွေများကို အသုံးပြုမည် ဖြစ်သည်။
ဖက်ဒရယ်ဥပဒေများကို ဖြေလျှော့မှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ရာ ရောက်မည့် တရားရေးဆိုင်ရာ အမှုအခင်းများနှင့် အချိန်ကာလ ကြာမြင့်နိုင်မည့် စိစစ်သုံးသပ်ချက်များကို ရှောင်လွှဲနိုင်မည် ဖြစ်သည်။
DHS ဝန်ကြီး အလက်ဂျန်ဒရို မာယော်ကက်စ်ကို တွေ့ရစဉ်
ကြေညာချက်အတွင်း နယ်စပ်တံတိုင်းများ တည်ဆောက်မည့် မြေပုံများကို ဖော်ပြခဲ့ခြင်း မရှိသော်လည်း အမေရိကန် အကောက်ခွန်နှင့် နယ်စပ်ဒေသ ကာကွယ်ရေး (CBP) ဌာနက ဇွန်လအတွင်း ကြေညာခဲ့သည့် ပရောဂျက်တစ်ခုတွင် ထိုဒေသ၌ လက်ရှိတည်ရှိဆဲ နယ်စပ် အတားအဆီး စနစ်အထိ မိုင် ၂၀ ထပ်မံ တိုးချဲ့ တည်ဆောက်မည်ဟု ပြောကြားခဲ့သည်။
စတားကောင်တီ တရားသူကြီး အီလွိုင်း ဗီရာကလည်း တက္ကဆက်ပြည်နယ် ဖယ်လ်ကွန် ရေကာတာ (Falcon Dam) ၏ တောင်ဘက်မှစပြီး ဆယ်လင်နီနို (Salineno) ဒေသအထိ နယ်စပ်တံတိုင်းကို တည်ဆောက်သွားမည်ဟု ပြောကြားခဲ့သည်။
ထရမ့်အစိုးရအဖွဲ့ လက်ထက်က နိုင်ငံအနောက်တောင်ပိုင်း နယ်စပ်ဒေသတစ်လျှောက် မိုင် ၄၅၀ ရှည်လျားသည့် နယ်စပ်တံတိုင်း တစ်ခုကို ၂၀၁၇ ခုနှစ်မှ ၂၀၁၁ ခုနှစ်အကြား တည်ဆောက်ခဲ့သည်။
Source: အေပီ