CNI International News

တဲလ်အဗစ်၊ အောက်တိုဘာ ၆

အစ္စရေးသည် နာဂေါ်နို-ကာရာဘက်ဒေသကို ပြန်လည်သိမ်းယူသည့် အဇာဘိုင်ဂျန်၏ စစ်ဆင်ရေးကို လျှို့ဝှက်စွာ ကူညီပေးခဲ့ပြီး အဇာဘိုင်ဂျန်အား အင်အားပြင်း လက်နက်များ ထောက်ပံ့ပေးခဲ့သည်ဟု အရာရှိများနှင့် ကျွမ်းကျင် သူများက ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

စက်တင်ဘာ ၁၉ ရက်က အဇာဘိုင်ဂျန်၏ ၂၄ နာရီကြာ စစ်ဆင်ရေး မပြုလုပ်မီ သီတင်းပတ် အနည်းငယ်အလို တွင် အဇာဘိုင်ဂျန် စစ်တပ်၏ ကုန်တင်လေယာဉ်သည် အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ လေတပ်စခန်းနှင့် နာဂေါ်နို-ကာရာဘက် ဒေသအနီးရှိ လေယာဉ်ကွင်း တစ်ခုအကြား ကြိမ်ဖန်များစွာ ပျံသန်းခဲ့ကြောင်း လေယာဉ်ပျံသန်းမှုများ ကို ခြေရာခံသည့်် အချက်အလက်များနှင့် အာမေးနီးယား သံတမန်များက ပြောကြားခဲ့သည်။

ထိုလေယာဉ် ပျံသန်းမှုများကြောင့် အစ္စရေးနှင့် အဇာဘိုင်ဂျန်အကြား မဟာဗျူဟာမြောက် မဟာမိတ်ဆက်ဆံရေး ကို စိုးရိမ်နေသည့် အာမေးနီးယားနိုင်ငံ၏ အရာရှိများအား စိတ်သောက ရောက်စေခဲ့သည်။

အဇာဘိုင်ဂျန်၀န်ကြီးချုပ်နဲ့ အစ္စရေး၀န်ကြီးချုပ်ကို တွေ့ရစဉ်

ထို့ပြင် အစ္စရေးသည် ကော့ကေးဆပ် တောင်တန်းဒေသများ၏ တောင်ဘက်တွင်ရှိသော နာဂေါ်နို-ကာရာဘက် ဒေသတွင် ၎င်း၏ အမျိုးသား အကျိုးစီးပွားများ ရှိနေသည်ကို ပြသရာ ရောက်ခဲ့သည်။ 

"ကျနော်တို့အတွက်တော့ အစ္စရေး လက်နက်တွေဟာ ကျနော်တို့ လူမျိုးတွေကို ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ဟာ ကြီးမား တဲ့ စိုးရိမ်စရာကိစ္စ ဖြစ်ပါတယ်"ဟု အစ္စရေးနိုင်ငံဆိုင်ရာ အာမေးနီးယားသံအမတ် အာမန် အက်ကိုပီယန် (Arman Akopian) က အေပီသတင်းဌာနသို့ ပြောကြားခဲ့သည်။

"အစ္စရေးအနေနဲ့ ကိုယ်နေထိုင်တဲ့ နေရပ်ကနေ မောင်းထုတ်ခံခဲ့ရတဲ့ လူတွေရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး စိုးရိမ် ကြောင်းလေးတော့ ပြသသင့်ပါတယ်။ ဘာကြောင့်များ အဇာဘိုင်ဂျန်ဘက်က ရပ်တည်လဲဆိုတာ ကျနော် မသိပါ ဘူး"ဟု ၎င်းက ပြောသည်။

 အဇာဘိုင်ဂျန်ရဲ့ စစ်လက်နက်တွေကိုတွေ့ရစဉ်

စက်တင်ဘာလက အဇာဘိုင်ဂျန် စစ်တပ်သည် အစ္စရေးနှင့် တူရကီတို့က ထောက်ပံ့ပေးခဲ့သည့်် လက်နက်ကြီးများ၊ ဒုံးပစ်လောင်ချာများနှင့် ဒရုန်းများ အပါအဝင် သာလွန်အင်အားဖြင့် အာမေးနီးယား ခွဲထွက်ဝါဒီ လက်နက်ကိုင် များကို တိုက်ခိုက်ခဲ့သဖြင့် အာမေးနီးယားတပ်ဖွဲ့များသည် လက်နက်ချခဲ့ရပြီး အဇာဘိုင်ဂျန်နှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဇာဘိုင်ဂျန်၏ တိုက်ခိုက်မှုများကြောင့် ကာရာဘက်ဒေသတွင် အာမေးနီးယားလူမျိုး ၂၀၀ ကျော် သေဆုံးခဲ့ပြီး သေဆုံးသူ အများစုသည် အာမေးနီးယား လက်နက်ကိုင်များဖြစ်ကာ အဇာဘိုင်ဂျန် စစ်သား ၂၀၀ ခန့် သေဆုံးခဲ့ သည်ဟု အရာရှိများက ပြောကြားခဲ့သည်။

ထို့ပြင် ၄၄၀၀ စတုရန်း ကီလိုမီတာရှိသည့် ကာရာဘက်ဒေသကို အဇာဘိုင်ဂျန် တပ်ဖွဲ့များက ထိန်းချုပ်ခဲ့သဖြင့် ထိုဒေသတွင် နေထိုင်သည့်် အာမေးနီးယားဒေသခံ စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်ဖြစ်သည့် လူပေါင်း ၁၀၀,၀၀၀ ကျော်သည် အာမေးနီးယားနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

Source: အေပီ