CNI News

၂၀၂၃ ခုနှစ်၊ မေလ ၂

ပြည်တွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများကို နှိမ်နင်းလို၍ ကာကွယ်ရေး အသုံးစရိတ်အား တိုးမြှင့်လိုက်ခြင်း ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင် ‌ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်း ဌာနသို့ ပြောသည်။

မြန်မာပြည်မှာ ပြည်ပရန် လုံးဝ မ‌ရှိကြောင်း၊ ထို့ကြောင့် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခများကို နှိမ်နင်းလို၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်တွင်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ အနှံ့အပြား ဖြစ်နေတယ်လေဗျာ၊ ဒါကြောင့် ဒီဟာတွေနဲ့ ယှဉ်ပြိုင်ဖို့ နည်းနည်းလေး တည်ငြိမ် အေးချမ်းမှုရအောင် ပြန်လုပ်ချင်တယ်ဆိုရင် နည်းနည်းတော့ အသုံးစရိတ်ပေးတဲ့ သဘောလို့ ယူဆပါတယ်။ ပြည်မရန် ဗမာပြည်မှာ ပြည်ပရန် မရှိပါဘူးဗျာ၊ ပြည်ပရန် လုံးဝ မရှိပါဘူး ဗမာပြည်မှာ ဘာကြောင့်လဲဆိုတော့ အမေရိကန်ရဲ့ NDAA ကလည်း ဗမာပြည်တွင်းကို ဝင်ဖို့အကြောင်း မရှိပါဘူး။ ထို့အတူပဲ တရုတ်က အိမ်နီးနားချင်းဖြစ်နေတော့ တရုတ်ကလည်း ဘယ်သူမှ အဝင်ခံမှာ မဟုတ်ပါဘူး၊ ဗမာပြည်တွင်းရေးမှာ ထို့အတူပဲ အိန္ဒိယဆိုရင်လည်း တရုတ်ရဲ့ နောက်လိုက်ဆိုတော့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် အိမ်းနီးနားချင်းတွေလည်း ဗမာပြည်ကို ကျူးကျော်ဖို့ မရှိပါဘူး။ ဒါကြောင့် ပြည်ပရန်က လုံးဝ မရှိသလောက်ပါဘဲ။ ပြည်တွင်းမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကိုပဲ နှိမ်နင်းချင်တဲ့ သဘောလို့ ယူဆပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် TNLA တပ်ဖွဲ့ကိုတွေ့ရစဉ်

၂၀၂၁ ခုနှစ်၊ ကာကွယ်ရေး အသုံးစရိတ်မှာ ၁၀ ဒသမ ၆၆ ရာခိုင်နှုန်း၊ ၂၀၂၂-၂၃ မှာ ၂၀ ဒသမ ၅၈ ရာခိုင်နှုန်း၊ ၂၀၂၃-၂၄ မှာ ၂၈ ဒသမ ၂၃ ရာခိုင်နှုန်း တိုးမြင့်ထားပြီး ကျပ်ဘီလီယံ ၅,၆၀၀ ကျော်အထိ သုံးစွဲရန် တောင်းခံထားသည်။

ထို့ကြောင့် ယခင်နှစ်ထက် ကျပ်ဘီလီယံ ၂,၀၀၀ နီးပါး တိုးမြှင့်လာခဲ့ကြောင်း ISP Myanmar ၏ ဖော်ပြချက်အရ သိရသည်။

တစ်နိုင်ငံလုံး လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသည့်အတွက် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ‌ ဒေါက်တာ အောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။

ဒေါက်တာအောင်မျိုးက “ဒါကတော့ ရှင်းပါတယ်။ အခုဟာက ပြောရလို့ရှိရင် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်နေရတာလေ။ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ကျနော်တို့ ပြည်တွင်း သောင်းကျန်းမှု နှိမ်နင်းရေးက လုပ်နေရတာလေ၊ ဒီအတွက်ကြောင့်မို့လို့ ဒါက ပိုပြီးတော့ လုပ်ရမှာပဲလေ၊ ဒါက သဘာဝကျတဲ့ ဖြစ်စဉ်တစ်ခုပါ၊ လှုပ်ရှားမှုလည်း များတယ်၊ တပ်တွေလည်း ပြောရရင် စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရတာ များတဲ့အခါကြတော့ နောက်ပြီးတော့ လက်နက်ခဲယမ်းလည်း ကုန်ကျမယ်၊ ဒါကြောင့်မို့လို့ ဒါလုပ်ရတာတော့ သဘာဝကျပါတယ်” ဟု ပြောသည်။

မြန်မာ့တပ်မတော် လေတပ်က ပစ်ခတ်နေစဉ်

ထိုသို့ တိုးမြှင့်လိုက်သည့် ကာကွယ်ရေး အသုံးစရိတ်ကို တပ်သားများအား လစာတိုးမြှင့်ခြင်းထက် စစ် လက်နက်များတွင် ပိုမို အသုံးပြုနိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအချို့၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့အကြား နိုင်ငံတစ်ဝှမ်း၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဒေသတွင်းနိုင်ငံများ ဖြစ်သည့် တရုတ်သည် ၂၀၂၃ ခုနှစ်တွင် စစ်အသုံးစရိတ်ကို ဒေါ်လာ ဘီလျံ ၂၀၀ ကျော် (၇ ရာခိုင်နှုန်း) တိုးမြှင့်ခဲ့သည်။ သို့သော် အမေရိကန်၏ စစ်အသုံးစရိတ်သည် တရုတ်ထက် လေးဆ ပိုများသည်။

ထို့နောက် ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ်အတွင် စစ်အသုံးစရိတ် ကာကွယ်ရေးဘတ်ဂျက်အတွက် ဘတ်ငွေ ၁၉၇.၂၉၂ ဘီလျံ တောင်းခံထားသလို အိန္ဒိယကလည်း တရုတ်ကို တန်ပြန်ရေးအတွက်၂၀၂၃ ခုနှစ်တွင် စစ်ရေးအသုံးစရိတ်ကို ၁၃ ရာခိုင်နှုန်းတိုးမြှင့်၍ အမေရိကန်ဒေါ်လာ ၇၃ ဘီလျံအထိ တိုးမြှင့်ထားသည်။