CNI International News

အက်ဆန်စီယွန်၊ မေလ ၂

ပါရာဂွေး ရွေးကောက်ပွဲတွင် ဆန်တီယာဂို ပီနာ (Santiago Pena) အနိုင်ရရှိခြင်းက ထိုင်ဝမ်အရာရှိများအတွက် အားတက်စရာ သတင်းဖြစ်သည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ထိုင်ဝမ်တွင် ကမ္ဘာတစ်ဝန်းလုံး၌ မဟာမိတ် ၁၃ နိုင်ငံသာရှိပြီး ပါရာဂွေး အပါအဝင် ထိုနိုင်ငံများနှင့် ဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် တရုတ်၏ အင်အားမမျှတသော စီးပွားရေးဆိုင်ရာ အားပြိုင်မှုနှင့် ရင်ဆိုင်နေရသည်။

တနင်္ဂနွေနေ့ သမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ပီနာသည် ရွေးကောက်ပွဲအတွက် မဲဆွယ်မှုများတွင် ထိုင်ဝမ်နှင့် ပါရာဂွေးတို့၏ နှစ် ၇၀ နီးပါး သံတမန်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု အစဉ်တစိုက် ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် ဒီမိုကရေစီနည်းကျ အုပ်ချုပ်သော နိုင်ငံဖြစ်သော်လည်း တရုတ်ဘက်က ယင်းကို ၎င်းတို့အပိုင်ဟု ပြောဆိုထားသည်။

ထိုင်ဝမ်ကို တွေ့ရစဉ်

သို့သော် တိုင်းပြည်၏ စီးပွားရေး အခြေအနေကြောင့် ပီနာ၏ ဦးစားပေးမှုသည် ပြောင်းလဲလာလိမ့်မည်ဟု အတိုက် အခံ အက်ဖ်ရိန် အယ်လီဂရီ (Efrain Alegre)က ပြောသည်။ နိုင်ငံ၏ စီးပွားရေးနှင့် ပို့ကုန်တို့အတွက် အဓိက အရေးပါသော ပဲနှင့် အမဲသားတို့အတွက် တရုတ်၏ ကြီးမားသော ဈေးကွက်အတွင်း ဝင်ရောက်ခွင့် ရရန် ရပ်တည် ချက် ပြောင်းလဲရလိမ့်မည်ဟု ခန့်မှန်းခြင်း ဖြစ်သည်။

ပီနာ၏ အောင်ပွဲသည် ထိုင်ဝမ်အတွက် စိတ်သက်သာဖွယ်ဖြစ်ကြောင်း၊ ယင်းက လွယ်ကူသော ရွေးချယ်မှုကို ဖြစ် စေကြောင်း အမည်မဖော်လိုသည့် ဥရောပသံတမန်တစ်ဦးက ပြောသည်။

ပါရာဂွေးရှိ ထိုင်ဝမ်သံရုံးကလည်း ပီနာ၏ အောင်ပွဲအတွက် ဂုဏ်ပြုကြောင်း ပြောဆိုခဲ့ကာ နှစ်နိုင်ငံကြား အကျိုးရှိ သော ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းသွားမည်ဟု ပြောသည်။

သို့သော် ပါရာဂွေးအတွက် ၎င်းတို့၏ ရပ်တည်ချက်ကို ပြောင်းလဲရန် ဖိအားများမှာ မြင့်တက်လာဖွယ် ရှိနေသည်။

အထူးသဖြင့် တရုတ်၏ ဈေးကွက်များအတွင်းသို့ ပါရာဂွေး ထုတ်ကုန် ပဲနှင့် အမဲသားများကို ရောင်းချခွင့် ရလိုမှု ကြောင့် ဖြစ်သည်။

ရွေးကောက်ပွဲ အနိုင်ရသည့် ဆန်တီယာဂို ပီနာကိုတွေ့ရစဉ်

လက်ရှိ အနေအထားကို သိရှိအောင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဖြစ်လာနိုင်ဖွယ် ဆုံးရှုံးမှုများအတွက် ပြင်ဆင်ထားရမည်ဖြစ်ကြောင်း ပါရာဂွေး ကျေးလက်ဒေသအဖွဲ့မှ ခေါင်းဆောင်တစ်ဦးက ပြောသည်။

ပီနာ၏ ရွေးကောက်ပွဲ ရလဒ် ထွက်ပေါ်လာပြီးနောက် မကြာခင် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကာ အဖွဲ့၏ တရုတ် လိုလားသော ရပ်တည်ချက်သည်လည်း ခိုင်မာနေ ဦးမည်ဟု ပြောသည်။

ပီနာ၏ ရွေးကောက်ပွဲ နိုင်ရရှိမှု၊ လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်များ၏ လွှတ်တော်အတွင်း အင်အား ကောင်းမှု တို့က ပါရာဂွေးနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ ပြောင်းလဲမှုအတွက် မျှော်လင့်ချက်များကို လျော့ပါး စေသည်ဟု လည်း ၎င်းက ပြောသည်။

ပါရာဂွေးတွင် အခွန်လိုငွေပြမှုနှင့် စီးပွားရေး တိုးတက်မှုရှိရန် လိုအပ်နေခြင်းကြောင့် ပီနာ၏ ထိုင်ဝမ်အား ထောက်ခံမှုသည် ဖိအားများ ဖြစ်စေလိမ့်မည်ဟု လေ့လာသူများက ပြောသည်။

ပီနာသည် လက်ရှိသမ္မတ မာရီယို အက်ဘ်ဒို (Mario Abdo) ကဲ့သို့ အခြေအနေမျိုး ရှိလိမ့်မည် မဟုတ်ဟုလည်း သုံးသပ်ခံထားရသည်။

Source: Reuters